ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့က အကြောင်းပြန် လိုက်သည်။
ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံနိုင်ရန် ကူညီပေးမည်ဟု UWSA မှ ဇန္နဝါရီလ ၂၄ ရက်နေ့က ပေးပို့ခဲ့သည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ ပြန်ကြားစာ ပေးပို့ခဲ့သည်ဟု UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် က ပြောသည်။
“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့ နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္စျိမကို ပြောသည်။
ထို့အပြင် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဘက်မှလည်း KIO က လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထား ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
အလားတူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း အနေနှင့် KIO ဘက်က လက်ခံပါက တွေ့ဆုံရန်ရှိကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္စျိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြားထားပြီး ဖြစ်သည်။
မြန်နိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။
“နှစ်ဖက်စလုံးက ယုံကြည်မှု နည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဖက် တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွားမလဲ။ ဒါကြောင့် ကျနော်တို့ဆီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပ့ံပိုးပေးပါ့မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။
မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရပြီး ယင်းကိစ္စနှင့် ပတ်သက်၍ KIO ထံ မဇ္စျိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ ထံမှ ၁၉၈၉ ခုနှစ်ကခွဲထွက် ခဲ့ပြီး စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သလို ယခုအစိုးရသစ် လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး ဆက်လက်ထိန်းသိမ်းကြရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က လက်မှတ် ထိုးထားခဲ့သည်။