ရခိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပထမအကြိမ် ပညာရေး ဆွေးနွေးပွဲ ကျင်းပ

ရခိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပထမအကြိမ် ပညာရေး ဆွေးနွေးပွဲ ကျင်းပ
by -
နိရဥ္စရာ

ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာတော်များ၏ ပထမအကြိမ် ပညာရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

စစ်တွေမြိို့မှ ဘုန်းတော်ကြီး ပညာသင်ကျောင်း တစ်ခုအား တွေ့ရစဉ်။ ( ဓါတ်ပုံ နိရဥ္စရာ)

“ကျင်းပတာက ဂွမြို့့နယ်၊ ကျိန္တလီမြို့နယ်ခွဲ၊ ဘိုကလေးကျေးရွာ ဓမ္မသုခ ပရိယတ္တိ စာသင်တိုက်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်” ဟု  စစ်တွေမြို့ ရွှေစေတီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် အရှင်အရိယဝံသ က မိန့်ကြားသည်။

ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ၁၉၉၃ ခုနှစ်က စတင်ခဲ့သော်လည်း အောင်မြင်မူ အားနည်းနေသေးသဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ရသည်ဟု ဆိုသည်။

"ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ရဲ့  ပူးပေါင်းပါ၀င်မှုနဲ့ လမ်းညွှန်ချက်များ အားနည်းနေသေးတဲ့ အတွက် ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ရှေ့ကို ရောက်သင့်သလောက် မရောက်ဘဲ ဖြစ်နေတယ်။ ဒါကြောင့် ကျောင်းအုပ်ဆရာတော်များ အနေနဲ့ ဘုန်းတော်ကြီးသင် ပညာရေး စနစ် တိုးတက် ကောင်းမွန်အောင် ဘယ်လို ဆောင်ရွက်ကြမယ် ဆိုတာ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆိုသည်။

ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ  ကျောင်းထိုင်ဆရာတော် ၂၈ ပါးတက်ရောက်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်၌ ဆရာတော်ကြီးများ ဆွေးနွေးပွဲ နှစ်ကြိမ်တိုင်တိုင် ပြုလုပ် ခဲ့ပြီးနောက် ရရှိလာသော ဆွေးနွေးချက်များကို အခြေခံကာ ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း ဆရာတော်များ၏  ပထမ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က ပြောသည်။

ဆွေးနွေးပွဲမှ တစ်နှစ် တစ်ကြိမ် ပြာသိုလပြည့်နေ့တိုင်း ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအသင်း အစည်းအဝေးကို နှစ်စဉ်ကျင်းပရန်၊ မြို့နယ် ဘုန်ကြီး ကျောင်းများသို့ လမ်းညွှန်ပေးရန်၊ ၂၀၁၄ ခုနှစ် မောင်တော (၃)မိုင် ဘုန်းကြီး ကျောင်း၌ ဒုတိယအကြိမ် အစည်းအဝေးတွင် အသင်းရန်ပုံငွေ အတွက် ငွေပဒေသာပင် စိုက်ထူရန်၊ ပြည်နယ် ဘုန်းကြီးကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ရန်ပုံငွေ ရရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ ရန်ပုံငွေရှာဖွေရန်၊ ရန်ပုံငွေ အခြေအနေအပေါ်မှာ မူတည်ပြီး အသင်းဝင်ကျောင်း အားလုံးကို မဲစနစ်ဖြင့် ခွဲဝေလှူဒါန်းရန်၊ ရခိုင်ပြည်နယ် ဘုန်းတော်ကြီး ပညာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ စည်းကမ်း၊ စည်းမျဉ်း အခြေခံမူဝါဒများကို ရေးဆွဲရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်ဟု သိရသည်။

Most read this week