သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် စစ်မှုထမ်း ဟောင်း များက မယူမနေရ လိုက်လံရောင်းချနေကြောင်း ဒေသခံ များက ပြောသည်။
“မန်စံအုပ်စုဘက်မှာလာရောင်းတာ။ ဒီလ ၅ ရက်နေ့ကပေါ့။ တချို့လဲခြေထောက်အတုကြီးတွေ တပ်ထားတယ်။ စစ်မှုထမ်း ဟောင်းရံပုံငွေအတွက်လို့ပြောတယ်။ တပုံ ၁၅၀၀ ကျပ်။ မယူမနေရတဲ့။ အမှန်ဆို လူထုခေါင်းဆောင်ရဲ့ ပုံကို အဲလို မလုပ်သင့်ဘူး။ မယူမနေရ မပြောရင် လူတွေက ဝယ်ကြ သားဘဲ။ ခုတော့ အဲလိုပြောတဲ့အပြင် ဥပမာ ရွာတရွာမှာ အိမ်ခြေ ၃၀ ရှိရင် ၂၀ ပုံထက်မနည်းယူရမယ်။ အဲလို အာဏာပါလာတော့ လူတွေက မဝယ်ချင်ကြ တော့ဘူး” ဟု မန်စံအုပ်စုနေ အမျိုးသမီးကြီးတဦးကပြောသည်။
သီပေါမြို့နယ် မိုးတေရွာနှင့် နမ္မတူမြို့နယ် ပန်လုံ အုပ်စု ၀မ်းလီ၊ ပန်ဆပေ၊ နားခိုလျံ၊ ပန်ဟတ်၊ နမ့်ဆီလင်း၊ မိုင်းမုအုပ်စု နောင်ငင်း၊ မန်မိုင်၊ ဆမ်ခါ၊ မိုင်းမု၊ ကောင်းဟုန်း၊ လုံမိတ်၊ မန်စံ အုပ်စု မန်စံရွာ မန်ဟောင်ရွာ၊ မိုင်းတတ်အုပ်စု မိုင်းတတ် ကျေးရွာ၊ မိုင်းဆင်ကျေးရွာ၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဟတ်လျံကျေးရွာ၊ ဆိုင်ဂျာကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ပိန်းလောင်း ကျေးရွာ၊ နမ့်ကန်ကျေးရွာ၊ ဆိုက်ခေါင်ကျေးရွာ၊ ပန်ဝိုးကျေးရွာ စသည့်ကျေးရွာများတွင် အဓမ္မ ရောင်းချပေးနေသည်ဟု မိုင်းဆင်ရွာသားနှင့် ဆိုက်ခေါင်အုပ်စုမှ နမ့်ကန်ရွာသား တစ်ချို့ပြောသည်။
၎င်းတို့အဖွဲ့အား ဦးဆောင်သူမှာ ဒုအရာခံဗိုလ် အောင်စောထိုက် (ငြိမ်း)နှင့် တပ်သား စံလင်း (ငြိမ်း) တို့ဖြစ်ကြောင်း အဆိုပါ ဈေးသည်အမျိုးသမီးက ဆက်လက်ပြောပြသည်။
ယခုလ ၂၄ ရက်ကမူ သီပေါဘက်မှ နမ္မတူဘက်သို့ တက်လာပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများအား ရောင်းချပေး သော အဖွဲ့မှာဆိုင်ကယ် ၃ စီး လူ ၅ ယောက်ရှိပြီး တချို့မှာလည်း လားရှိုးမြို့ ရပ်ကွက် ၉ တွင်နေထိုင်ကြကြောင်း ၊ ပန်လုံရွာအုပ်ချုပ်ရေးမှူးထံမှာ ခွင့်ပြုချက်စာဖြင့် ရောင်းချကြောင်း ဒေသခံ တဦးကပြောသည်။
“မယူရင် အထက်ကို စာတင်မယ်လို့တောင်ခြိမ်းခြောက်သေးတယ်။ တချို့ရွာဆိုရင်ပိုက်ဆံ သောင်းချီ ချက်ချင်းပေးချေရ တယ်။ ဥပမာ ပန်ဆပေဆိုရင် ၄ သောင်း ၅ ထောင်၊ နမ့်ဆီလင်းဆိုရင် ၃ သောင်း အဲလိုမျိုး” ဟု ၎င်းကဆက်ပြောသည်။
ယမန်နှစ် မတ်ခ်ျလ ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်အပြီးတွင်လည်း ဒေသအတွင်းရှိ မသန်မစွမ်းရဲဘော် ဟောင်းများအဖွဲ့က အုပ်စုခွဲကာ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပတ် သက်သည့် ဓါတ်ပုံများ၊ စာအုပ်များအား မြို့တွင်းရပ်ကွက်၌ တစ်အိမ်တက်ဆင်းရောင်း ခဲ့ဖူးသည်။
လားရှိုးမြို့တွင် ရဲဘော်ဟောင်းအဖွဲ့ ခေါ် စစ်မှုထမ်းဟောင်းအသင်းအဖွဲ့ နှင့် မသန် စွမ်းရဲ ဘော် ဟောင်းအဖွဲ့ ဟူ၍ရှိ၏။ စစ်မှုထမ်းဟောင်းအဖွဲ့အား စစ်တပ်၏ အရံအင်အားအဖြစ် ဖွဲ့စည်းပေးကာ ထောက်လှမ်းရေး(သူလျှို) လုပ်စေ၍ စစ်တပ်ထံ ဆက်သွယ်သတင်းပေးပို့ခိုင်းကြောင်းနှင့် မသန် စွမ်းရဲဘော်ဟောင်းအဖွဲ့ များမှာမူ အပါယ်ခံဘဝ သို့ရောက်ကြရသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
ပင်စင်လစာမှာ ယခု ၄-၅ နှစ်အတွင်း တလလျင် ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ တက်ပေးသော်လည်း သွားရောက် ထုတ်ယူမည့် ကားခနှင့်မကာမိသဖြင့် ၆ လ တခါ သို့မဟုတ် ၁ နှစ်တခါမှသာ သွားထုတ်ကြကြောင်း ဝန်ထမ်းများအသိုင်း အဝိုင်းကပြောသည်။