မြန်မာနိုင်ငံအပေါ် တင်ရှိနေသော အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ကမ္ဘာ့ဘဏ်တို့၏ ကြွေးမြီများ ရှင်းလင်းခဲ့ပြီးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။
၁၉၇၃ ခုနှစ်ခန့်က စ၍ ADB နှင့် ကမ္ဘာ့ဘဏ်တို့ထံမှ ဖွံ့ဖြိုးမှု ချေးငွေများ မြန်မာက ရယူခဲ့ပြီး ပေးဆပ်ရန် အချိန်စေ့ပြီးနောက် ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိခဲ့သည့် ကြွေးမြီ လက်ကျန်များကို ADB၊ ကမ္ဘာ့ဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ် (JBIC)တို့နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ညှိနှိုင်း၍ စာရင်းရှင်းလင်းရေး လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီလ ၁၇ ရက်နေ့က JBIC ထံမှ အမေရိကန်ဒေါ်လာ ၅၁၂ သန်းကို ပေါင်းကူးချေးငွေအဖြစ် ရယူ၍ ADB သို့ အကြွေးဆပ်ခဲ့ပြီး ထို ADB မှ ပြန်လည်ရရှိသည့် နှစ်ပေါင်း ၃၀ အတွင်း ပထမ အများဆုံးချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၁၂ သန်းဖြင့် JBIC ၏ ပေါင်းကူးချေးငွေ အား ထိုနေ့တွင်ပင် ပြန်လည်ပေးဆပ်ခြင်းဖြင့် ကြွေးမြီလက်ကျန်စာရင်း ရှင်းခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း JBIC ထံမှ ဒေါ်လာသန်း ၄၃၀ ကို ပေါင်းကူး ချေးငွေအဖြစ် ရယူကာ ကမ္ဘာ့ဘဏ်သို့ အကြွေးဆပ်ခဲ့ကာ ကမ္ဘာ့ဘဏ်မှ ပြန်လည်ရရှိသည့် ချေးငွေ ဒေါ်လာသန်း ၄၃၀ ဖြင့်ပင် JBIC ၏ ပေါင်းကူးချေးငွေကို ပေးဆပ်ရှင်းလင်းလိုက်ကြသည်။
ထိုသို့ ADB နှင့် ကမ္ဘာ့ဘဏ်တို့၏ ကြွေးမြီလက်ကျန်များကို ရှင်းလင်းနိုင်လိုက်၍ မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်းတွင် “တာဝန်သိ နိုင်ငံတနိုင်ငံအဖြစ်” အသိအမှတ်ပြုခံရမည် ဖြစ်သည့်အပြင် နိုင်ငံအတွက် လိုအပ်နေသည့် ဖွံံဖြိုးမှုဆိုင်ရာ အတိုးသက်သာသည့် ချေးငွေသစ်များလည်း ပိုမိုရရှိလာမည်ဟု ဝန်ကြီးဌာနက ဆိုသည်။
ADB မှလည်း မြန်မာနိုင်ငံ၏ ဆင်းရဲမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများအတွက် ခိုင်မာသော အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန် လ်ိုအပ်သော လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကူအညီများကို ပေးအပ်နိုင်ရန် ပြန်လည် စတင်သွားမည်ဟု သိရသည်။
ကမ္ဘာ့ဘဏ် အနေနှင့်လည်း မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၆၄၀ ၌ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ကို ၆ နှစ်အတွင်း ထောက်ပံ့မည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထိုကြွေးမြီရှင်းလင်းရေးကိစ္စများကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလကတည်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကမ္ဘာ့ဘဏ်၊ ADB နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းလာခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့တို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ပါရီကလပ်အဖွဲ့နှင့် သွားရောက်ညှိနှိုင်းရာမှ ပြေလည်မှုများ ရရှိခဲ့သည်။
ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများနှင့် ဘဏ်များ စုစုပေါင်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းရာမှ အဖွဲ့ဝင် မြီရှင် ၁၁ နိုင်ငံထံ ပေးရန်အကြွေး စုစုပေါင်း (၁၀.၃၂၇ ဘီလီယံ)၏ ၅၀ ရာခိုင်နှုန်း (၅.၉၂၅ ဘီလီယံ)ကို လျှော်ပစ်ကာ ကျန်ကြွေးမြီကိုလည်း ဆိုင်းငံ့ကာလ ရ နှစ် အပါအဝင် ၁၅ နှစ်အတွင်း ပြန်လည်ပေးဆပ်ရန် သဘောတူညီခဲ့ကြသည်။
နော်ဝေနိုင်ငံကမူ မြန်မာမှ ၎င်းတို့ ရရန်ရှိသည့် ကြွေးစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို အပြီးအပြတ် လျှော်ပစ်ရန် သဘောတူခဲ့ပြီး ဂျပန်နိုင်ငံကလည်း ၎င်းရရန်ရှိသည့် ကြွေးမြီ၏ ၆၀ ရာခိုင်နှုန်းကို လျှော်ပစ်ပေးရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုပါရီအစည်းအဝေးတွင် မြန်မာက နိုင်ငံတကာသို့ ပေးရန်ရှိသည့် အကြွေးများအနက် အမေရိကန်ဒေါ်လာ ၆.၁၉၂ ဘီလီယံခန့် လျှော်ပစ်ရေး ဆွေးနွေးနိုင်ခဲ့၍ ကြွေးမြီအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် သက်သာစေခဲ့ကြောင်းလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။