အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များ တရုတ်ပြည်သို့ခိုလှုံမည်

အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များ တရုတ်ပြည်သို့ခိုလှုံမည်
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဒေသရှိ ဒေသခံများနှင့် ဒုက္ခသည်များသည်  မြန်မာအစိုးရစစ်တပ်မှ လိုင်ဇာမြို့သို့ တိုက်ခိုက်သိမ်းပိုက်လာလျင် တရုတ်ပြည်သို့ ထွက်ပြေး ခိုလှုံရန် ပြင်ဆင်နေကြသည်။

အစိုးရတပ်မှ လိုင်ဇာ (Laiza) ဌာနချုပ်နယ်မြေရှိ KIO ၏အရေးကြီးသော တပ်စခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆက်လက်၍ လိုင်ဇာမြို့တွင်းသို့ ၀င်ရောက်လာလျင် ဒုက္ခသည်လူထုများ  ဘေးကင်း လုံခြုံရာသို့ ခိုလှုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း လိုင်ဇာ (Laiza) အုပ်ချုပ်ရေးမှူး ဒူကဘာ ကရဲန်နော်အောန် (Dukaba Kareng Naw Awn) KNG ကချင်သတင်းဌာနသို့ပြောသည်။

“စိုးရိမ်စရာမလိုတဲ့ အကြောင်းကို အုပ်ချုပ်ရေးအဖွဲ့ကနေပြီးမှ သူတို့ကို ပြောပြထားတယ်။ စဉ်စီထားတယ်။ ကြိုတင်ကာကွယ်ခိုင်းတယ်။ နောက်ဆုံး အစိုးရတပ်ကနေ မရမနေဝင်လာပြီဆိုရင်တော့ ဘယ်လိုလုပ်မယ်ဆိုတာ အဆင့်တင့်လုပ်ထားတယ်။ ဒါကြောင့်မို တအားကြီးတော့ စိုးရိမ်တဲ့အဆင့်တော့ မရောက်သေးပါဘူး။” ဟု ပြောသည်။

သို့သော် လူထုအနေဖြင့် အစိုးရတပ်မှ လိုင်ဇာမြို့ (Laiza Muklum) တွင်းသို့  ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း ဒုက္ခသည်များအား စောင့်ရှောက်နေသည့် မိုင်ဂျာယန် (Mai Ja Yang) စခန်းမှ ကချင်ငြိမ်းချမ်းရေး ကွန်ယက် (Kachin Peace Network) အဖွဲ့ဝင် ဒေါ်ခေါန်ဂျာက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“လုံခြံုရေးက ဘာမှမရှိတော့ဘူး။ သူတို့သတ်ချင်ရင်သတ်။ Camp စစ်ပြေးတွေကလဲ ဒီလိုဘဲနေနေတယ်။ ထွက်ပြေးဖို့နေရာလဲ မရှိတော့ဘူးလေ။ ကတုတ်ကျင်း တူးထားတာက လွှဲလို့ပေါ့ ဒါကဂိတ်ဆုံးဘဲလေ။ သူတို့ပစ်ရင်တော့ သေဖို့ဘဲရှိတော့တယ်။” ဟု ပြောသည်။

ထို့အပြင် ဒုက္ခသည်စခန်းအတွင်း ကလေးများ ဖျားနာနေကြသလို နို့စို့အရွယ်နှင့် နို့ဖြတ်ထားသည့် ကလေးငယ်များ ၀မ်းရောဂါ အဖြစ်များနေချိန် လုံခြုံရေးအတွက် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဖြစ် စေကြောင်း ဒုက္ခသည်များက ပြောဆိုသည်။

လောလောဆယ် အခြေအနေအရ ကချင်စစ်ပြေး ဒုက္ခသည်များအား တရုတ်အစိုးရက နယ်စပ် ဖြတ်သန်းခွင့်မပြုသောကြောင့် တရုတ်ပြည်သို့ ဆက်လက် ထွက်ပြေးခိုလှုံမည့်ကိစ္စကို ဒုက္ခသည်များ စိုးရိမ်မကင်း ဖြစ်မိကြောင်း ၀ယ်ကြိုင် (Woi Chyai) ဒုက္ခသည်စခန်းမှ ကလေးမိခင်တစ်ဦးက ပြောဆိုသည်။

“စိုးရိမ်တာတော့ အရမ်းပဲစိုးရိမ်တယ်။ KIA က ကျမတို့အတွက် လုပ်နေတယ်လေ။ ဆုဘဲ တောင်းပြီးမှ နေနေတယ်။ ကိုယ့်တစ်ယောက်ဘဲ မဟုတ်ဘူးလေ။ ကလေးတွေနဲ့ဆိုတော့ တရုတ်ပြည်ဘက်ဆိုလဲ သူများနိုင်ငံဆိုတော့။ ဘယ်နေရာကိုမှ မထွက်ပြေးတတ်တော့ဘူး။ ဒီမှာဘဲ ဂိတ်ဆုံးပြီ ဆိုပြီးခံယူတယ်။ ဘယ်လောက် ခက်ခဲပေမယ့်လည်း ခက်ခဲသလိုပဲနေတယ်။” ဟု ပြောသည်။

အစိုးရတပ်များသည် ၂၀၁၂ ဒီဇင်ဘာ လလယ်ပိုင်းမှစ၍ (KIO) ဌာနချုပ်နယ်မြေ လိုင်ဇာသို့ စခန်းသိမ်း တိုက်ပွဲထိုးစစ်ဆင်ခဲ့ရာ ကြည်း၊ ရေ၊ လေတပ်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်။

အဆိုပါ ထိုးစစ်ဆင်နေချိန် သမ္မတဦးသိန်းစိန်မှ သတင်းစာရှင်းလင်းပွဲတွင် “လက်တကမ်းအကွာမှာ ရှိနေတဲ့ KIO/KIA ရဲ့ လိုင်ဇာဌာနချုပ်ကို အပြီးတိုင်ခြေမှုန်းသိမ်းယူခြင်းမပြုလုပ်ဖို့ အမိန့်ပေးထားပြီးဖြစ်သလို ရေရှည်တည်တန့်မှု ငြိမ်းချမ်းရေးလမ်းကြောင်းက သွေဖယ်မသွားပဲနဲ့ စားပွဲပေါ်မှာ ဆွေးနွေးတဲ့နည်းလမ်းကို အခြေခံပြီး ဖြေရှင်းသွားမှာဖြစ်တယ်” ဟု သတင်းမီဒီယာများအား ပြောဆိုသွားခဲ့သည်။

သမ္မတက ယင်းသိုပ ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် အစိုးရ၏ အောက်ခြေတပ်များ စစ်ရေးလှုပ်ရှားမှု မည်သို့ဖြစ်လာမည်ကို လိုင်ဇာ (Laiza) တွင် ခိုလှုံနေသူများက သတိနှင့် စောင့်ကြည့်နေကြကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌဆလန်ကဘာ ဒွဲပီဆာက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့က စစ်ရေးကိုအကဲခတ်နေကြတယ်။ သမ္မတသိန်းစိန်က လိုင်ဇာမဝင်ဘူးလို့ပြောတယ်။ စစ်ရေးအရဆိုရင် သူတို့လိုချင်တဲ့နေရာတွေကိုရသွားပြီ။ သမ္မတသိမ်းစိန်ပြောတဲ့စကားကို နားထောင်မယ် မထောင်ဘူး ဆိုတဲ့ဟာကိုပဲ အခုကျွန်တော်တို့ အကဲခတ်နေကြတယ်။ သူတို့ သမ္မတပြောတဲ့စကားကို နားမထောင်ပဲ စစ်တပ်ကလှုပ်ရှားလာရင်တော့ ကျွန်တော်တို့ ဒုက္ခသည်လူထုတွေက အခြေအနေပေါ်မူတည်ပြီး လွတ်လမ်းကိုရှာသွားမယ်။ အချိန်တန်ရင် လိုအပ်သလိုလုပ်သွားမယ် အခုတော့ သတိချပ်ပြီးနေကြတယ်။”

အစိုးရစစ်တပ်မှ KIA ၏ အရေးကြီး တပ်စခန်းတစ်ခုဖြစ်သော ခယာဘွမ်တောင်ကုန်း (Hka Ya Bum) စခန်းကို သိမ်းပိုက်လိုက်ပြီးနောက် လိုင်ဇာမြို့မှ (Laiza Muklum) ဒေသခံ ၁ သောင်းကျော် ဒုက္ခသည် စခန်းသို့ ထပ်မံ ခိုလှုံလာကြောင်း သိရပြီး လောလောဆယ် လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတွင် လူဦးရေ ၂ သောင်းကျော် ခိုလှုံရောက်ရှိနေသလို မိုင်ဂျာယန် (Mai Ja Yang) နယ်မြေတွင် ၁ သောင်းခန့် ခိုလှုံနေကြောင်း ဒုက္ခသည် ကော်မတီများမှသိရသည်။

အရေးပေါ်အခြေအနေအရ ဒုက္ခသည်များ ခိုလှုံရန် တရုတ်အစိုးရက နယ်စပ်တွင် ဒုက္ခသည်စခန်း အချို့ ဆောက်လုပ်ထားကြောင်း သိရသော်လည်း လောလောဆယ်တွင် ဒုက္ခသည်များ နယ်စပ် ဖြတ်ကျော်ခွင့်ကို လုံခြုံရေးချ၍ တားမြစ်နေဆဲဖြစ်ကြောင်း ဒုက္ခသည်များက ပြောဆိုသည်။

Most read this week