သျှမ်းပြည် သံဃာ့ဗဟိုနာယက အဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးကောဝိဒ (တောင်ကြီးမြို့ ကမ္မဌာန်း ဗုဒ္ဓရိပ်သာ ကျောင်း တိုက်) သက်တော် ၈၃ ဝါတော် ၆၂ သည် ပြီးခဲ့သည့်အပတ်က ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်သဖြင့် ဈာပနအခမ်း အနားအား နက်ဖြန် ၂၉ ရက်၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
သျှမ်းပြည်သံဃာ့ ဗဟိုနာယကအဖွဲ့ အတွင်းရေးမှူး သက်တမ်း ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာတော် ဦးကောဝိဒသည် ပင်လုံမြို့ ပရိယတ္တိစာသင်တိုက် ပိဋိကတ်ကျောင်းတိုက်၌ ၁၀ နှစ်တိုင်တိုင် စာချဆရာတော်ဖြစ်ခဲ့ဖူးသည်။ ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဝပ်မိုင် သျှမ်းဘုန်းကြီးကျောင်း ဆောက်လုပ်နိုင်ရေးအတွက် ကိုယ်တိုင်ဦးဆောင် ကာ အလှူရှင်များအား စည်းရုံးရေးဆင်းခဲ့သည်။ အဆိုပါ ဝတ်မိုင် ဘုန်းကြီးကျောင်းသည် ယနေ့တိုင် ထိုင်းရောက် သျှမ်းပြည်သားများအတွက် အားကိုးရာနေရာဖြစ်ခဲ့သည်။
အလားတူ တောင်ကြီးမြို့ ဗုဒ္ဓရိပ်သာမြေနေရာအား ကမ္မဌာန်းကျောင်းတိုက် ဆောက်လုပ်ရန်အတွက် လှူဒါန်းပေးခဲ့သည်မှာလည်း ဆရာတော် ဦးကောဝိဒပင်ဖြစ်သည်။
ဆရာတော်သည် သျှမ်းပြည်အတွင်း သျှမ်းစာပေသင်ကြားမှု ခွင့်မပြုပါက သျှမ်းပြည်တွင်း ဘုန်းကြီးကျောင်းများ၌လည်း ဗမာစာသင်ကြားမှုကို ကန့်ကွက်ပိတ်ပင်သည်ဟု ထိုစဉ်က စစ်အစိုးရအား ဆန္ဒပြတောင်းဆိုခဲ့သည်။ တောင်ကြီးမြို့ရှိ အစိုးရအရာရှိကြီးတဦးပင် ဆရာတော်အား ထိုအမိန့်ပြန်ရုပ်သိမ်းရန် လာရောက်တောင်းပန်ခဲ့ဖူးသည်ဟု ဆရာတော်နှင့် နီးစပ်သည့်မိတ်ဆွေ ဒကာတဦးက ပြောပြသည်။ ထို့ကြောင့်လည်း ဆရာတော်အား သိကျွမ်းသူ တပည့်ဒကာများနှင့် သံဃာတော်များက ဆရာတော်အား လေးစားအားကိုးခဲ့ကြကြောင်း ဆရာတော်နှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြောဆိုသည်။
ဆရာတော်သည် ပဲခူးတိုင်း အုတ်ဖိုမြို့နယ်၌ မွေးဖွားခဲ့သည့် မြေပြန့် သျှမ်းတိုင်းရင်းသား တဦးဖြစ်၍ ဖခမည်းတော်မှာ လုံးနန္ဒိယဖြစ်ပြီး မယ်တော်မှာ ပါ့နန်းခမ်းဟိန်း ဖြစ်သည်။ ၁၉၃၀ ခုနှစ်တွင်ဖွားမြင်တော်မူပြီး သက်တော် ၁၅ နှစ်၌ ကိုရင် ဝတ်ကာ ဗုဒ္ဓကျမ်းဂန်များအား လေ့လာသင်ယူရင်း ဓမ္မာစရိယ ၂ ကျမ်း အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
ဆရာတော်ဦးကောဝိဒသည် သက်ကြီးရောဂါဖြင့် ယခုလ ၁၉ ရက်နေ့က တောင်ကြီးမြို့၌ ဘဝနတ်ထံပျံလွန်တော်မူသွား ခဲ့ရာ ဈာပန သဂြိုဟ်ပွဲ အခမ်းအနားအား မနက်ဖြန် ဂျန္နဝါရီလ ၂၉ ရက်နေ့တွင် တောင်ကြီးမြို့၌ပင်ကျင်းပမည်ဖြစ်ကြောင်း သျှမ်းသံဃာတော်များအသိုင်းအဝိုင်းမှ သိရသည်။