လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မဈေးကြီး မီးလောင်မှုတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မဟုတ်ဘဲ ရှို့မီးဖြစ်နိုင်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက သံသယဖြစ်နေကြသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညသန်းခေါင်ယံမှ စတင်လောင်ကျွမ်းခဲ့သည့် သံဖြူဇရပ်မြို့မဈေးကြီးသည် ပလပ်စတစ် ပန်းခက်များ ရောင်းချသည့်ဆိုင်မှ ဝါယာရှော့ခ်ကြောင့်ဟု အစောပိုင်းက ယူဆပြောဆို နေကြသော်လည်း ဇန်နဝါရီလ ၂၂ ရက်နေ့က ဈေးဝင်းအတွင်း ဝင်ရောက်စစ်ဆေးရာ မသင်္ကာဖွယ် မီးလောင်လွယ်သည့် ကာဗိုက်ဘူးများ ဈေးပတ်လမ်း တလျှောက်တွင် တွေ့ရှိခဲ့သည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောဆိုသည်။
မီးလောင်ခံဆိုင်ပိုင်ရှင်တစ်ဦးက “ဈေးမီးလောင်တာက လျှပ်စစ်ဝါရှော့ခ်ကြောင့် မဟုတ်ဘူးဆိုတာကို အားလုံးလက်ခံထားကြပြီး၊ ရှို့မီးပဲဖြစ်တယ်လို့ပြောတယ်၊ ရှို့မီးဖြစ်ဖို့အတွက် ဘယ်ကအစီအမံနဲ့လာတာလဲ၊ ဒါကိုသိဖို့လိုတယ်” ဟု ပြောသည်။
ယင်းဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ အသစ်ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မတီမှ ဖြစ်စဉ်၊ အချက်အလက်များအား လိုက်လံစုဆောင်းနေပြီး လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ အစီရင်ခံစာတင်ပြရမည်ဟု သိရသည်။
အသစ်ဖွဲ့စည်းထားသည့် စုံစမ်းရေးကော်မတီတွင် ဈေးကော်မတီအဖွဲ့၊ ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့ SBနှင့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (စ.စ.စ) တို့ပါဝင်ပြီး စည်ပင် သာယာရေးဌာန ဝန်ထမ်းများ ပါဝင်ခွင့် မရှိကြောင်း သိရသည်။
ယခင် စုံစမ်းရေး ကော်မတီအဖွဲ့တွင် လျှပ်စစ်ဌာန၊ စက်မှုကြီးကြပ်ရေးဌာန၊ စည်ပင်သာယာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့ ပါဝင်ကြသည်။
မြို့မဈေးမီးလောင်ကျွမ်းမှုကြောင့် ဈေးခေါင်းဦးစိုးသိန်း အပါအဝင် ၆ ဦးအား သံဖြူဇရပ်မြို့ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦးက “ဈေးမီးလောင်မှုဖြစ်စဉ် အသေအချာ အတည်ပြုနိုင်ဖို့အတွက် ကျနော်တို့နဲ့ ပြည်နယ်အစိုးရ ဝန်ကြီးတို့ ကြိုးပမ်းနေတုန်းပဲ၊ ယာယီဈေးကိုတော့ လောလောဆယ် ပန်းခြံမှာဖွင့်ထားတယ် အခုဆိုင်ခန်းတွေ ဆောက်ဖို့အတွက် တစ်ခန်းကို သုံးသောင်းပေးရတယ်” ဟု ဆိုသည်။
သံဖြူဇရပ်မြို့မဈေးကြီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့ညသန်းခေါင်ယံမှ ၁၉ ရက်နေ့နံနက်ကူးချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပြာပုံအတိသာ ကျန်ရှိခဲ့ပြီး ဒေသခံ မွန်တိုင်းရင်းသားတို့၏ ရင်းနှီးငွေကျပ် သိန်းပေါင်းသန်းနှင့်ချီ၍ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။
ဈေးကြီးမီးလောင်မှုကြောင့် လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်လိပ် ၂၁၅ ဆိုင်နှင့် အခြားပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါခန့် ဆုံးရှုံးခဲ့ရသည်။