သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်အတွင်း တပ်ထွက်ဆေးမှူးတဦး သတ်ဖြတ်ခံရပြီး တလကျော်သော်လည်း အလှူအတန်း ပြုလုပ်ခွင့်မပေးကြောင်း ကျန်ရှိမိသားစုဝင်များက ပြောသည်။
ဆေးမှူးကိုကျော်မင်း အသက် ၃၆ (တပ်ထွက်) အား ဆေးထိုးပေးရန် မုံးပေါ်ရဲစခန်းမှူး သက်ဝေက (ဒီဇင်ဘာ ၂၃ ရက် ညက)လူလွှတ်၍ ခေါ်ခိုင်းခဲ့ကြောင်းနှင့် ကိုကျော်မင်း ထွက်သွားပြီး မကြာခင် အသတ် ခံရကြောင်း၊ ထိုစဉ်ရဲစခန်း လုံခြုံရေးရဲကင်း တာဝန်ကျသူမှာ ရဲတပ်ကြပ် ဖိုးခိုင်ဖြစ်ကြောင်း၊ နောက်စေ့တည့်တည့်၌ သေနတ်ပစ်ခံပြီး ဘယ်ဘက် ပါးနှင့်မျက်နှာ မျက်လုံး များ ပေါက်ပြဲဖေါက်ထွက်သွားကြောင်း - မိသားစုဝင်တဦးက ပြောသည်။
“မိသားစုက မကျေနပ်ဘူးလေ။ အကြောင်းမဲ့သတ်ဖြတ်ခံရတာကိုး။ ဒါပေမယ့် မူစယ်၊ လားရှိုးသွားစစ်လဲ မှုခင်း ရဲအရာရှိ တွေက သူ့ဟာသူ သေကြောင်းကြံတာလို့ဘဲပြောတာ။ မုံးပေါ်ရဲတပ်ဖွဲ့ကလဲ သူက မူးယစ် သုံးစွဲပြီး သူ့ဟာသူသတ်သေ တယ်လို့ပြောတာလေ။ ကျည်ဆံက နောက်စေ့အထက်နားကနေဝင်ပြီး မျက်နှာဘက်ကထွက် တာဘဲ။ ကျည်ဆံရဲ့ သဘောက ပစ်ဝင်တဲ့ပေါက်က သေးပြီး ဖေါက်ထွက် တဲ့ပေါက်က ကျယ်တယ်၊ နောက်စေ့ ကျည်ဝင်ပေါက်ကသေးတယ်။ မျက်နှာကွဲထွက်သွား တယ်” - ဟု ပြောဆိုသည်။
ယင်းကိစ္စအပေါ် အမည်မဖေါ်လိုသည့် ဒေသခံဝန်ထမ်းတဦးက “ကျနော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံလို့သာ ပြောနေတယ်။ အခု ကို်ကျော်မင်းအမှုက မဖြစ်သင့်ဘူး။ စုံစမ်း ဖေါ်ထုတ်နိုင် ရမယ်။ ရဲစခန်းမှာဖြစ်တယ်၊ သူကိုယ်တိုင်က သေနတ်ကိုင်တဲ့သူမဟုတ်ဘူး ဆိုတော့ ရှင်းနေတာပဲ၊ အင်မတန်မှ လွယ်ကူပြီး ကောင်းကောင်းဖေါ်ထုတ်နိုင်မယ့်အမှုဘဲပါဗျာ။ ဒီအမှုမပေါ်ရင်တော့ အချို့လူတွေ ဥပဒေ အထက်မှာ ရှိနေသေး တယ် ဆိုတာ ထင်ရှားနေပြီ” - ဟု ပြောဆိုသည်။
သေဆုံးသူ ကိုကျော်မင်း တွင်၊ ဇနီးနန်းမိုးခိုင်၊ သား ၃ ယောက် (အငယ်ဆုံး နှစ်နှစ်၊ အကြီး ၆ နှစ်ကျော်) ကျန်ရှိကြောင်း၊ မုံးပေါ်တွင် ဆယ်နှစ်ကျော်ခန့် နေထိုင်ခဲ့ကြောင်း၊ ဒေသခံများက ကိုကျော်မင်းအား သဘောထားကောင်းသူ ဆေးမှူးတဦးအဖြစ် ရိုသေလေးစားကြကြောင်း၊ မည်သူ နှင့်မျှလည်း ခိုက်ရန် မုန်းထား မရှိကြောင်း နီးစပ်သူများက ပြောသည်။
မုံးပေါ်ရဲစခန်း၏ စခန်းမှူး သက်ဝေမှာ ထိုဒေသ၌ တာဝန်ထမ်းဆောင်နေသည်မှာ ၄ လကျော်သာရှိသေး ကြောင်း၊ ရဲတပ်ကြပ်ဖိုးခိုင်မှာမူ မုံးပေါ်၌နေထိုင်သည်မှာ နှစ်ကြာပြီဖြစ်ကြောင်း၊ မုံးပေါ်တွင် ရဲ၊ တပ်ဝန်ထမ်း နှင့် မိသားစုဝင် အားလုံးစုစုပေါင်း ၄၀ ခန့် ရှိကြောင်း ဒေသခံများက ပြောသည်။