၁၃ နှစ်ကျော်နေခဲ့သည့်အိမ် အဓမ္မဖြိုဖျက်ခံရ၍ မိသားတစ်စု ဒုက္ခရောက်

၁၃ နှစ်ကျော်နေခဲ့သည့်အိမ် အဓမ္မဖြိုဖျက်ခံရ၍ မိသားတစ်စု ဒုက္ခရောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၁၃ နှစ်ကျော်နေထိုင်လာသော နေအိမ်ကို ခရစ်ယန်သင်္ချိုင်းမြေဟုဆိုကာ သက်ဆိုင်ရာ အာဏာပိုင်များက လယ်ယာမြေများကိုသိမ်းယူပြီး နေအိမ်ကိုပါ ဖြိုဖျက်ပစ်ခဲ့သဖြင့် မိသားစုများ နေထိုင်ရေး အခက်အခဲ ဖြစ်နေသည်ဟု သတင်းရရှိသည်။

“ကျွန်တော် အဲဒီနေရာမှာ နေတာ ၁၃ နှစ်ရှိပါပြီ။ အခုကျမှ ဂရမ်မရှိဘူးဆိုပြီး လယ်မြေကိုသိမ်း၊ လူကိုပါ အတင်းအဓမ္မ နှင်ထုတ်ပြီး အိမ်ကိုပါ ဖြိုဖျက်ပစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစု ဒုက္ခဖြစ်နေပါတယ်။ အိမ်ကိုဖြိုဖျက်ပြီးတော့ အိမ်အသုံး အဆောင်တွေနဲ့ အဝတ်အစားတွေကိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ဖြူက သိမ်းယူသွားတယ်” ဟု အိမ်ဖြိုဖျက် ခံရသူ ဦးဝေကျော်အောင်က နိရဥ္စရာသို့ပြောသည်။

အသိမ်းခံရသော လယ်ယာမြေနှင့် ဖြိုဖျက်ခံရသော အိမ်မှာ မြေပုံမြို့တဖက်ကမ်းရှိ ၀ါးချွိန်ပြင်ကျေးရွာနေ ဦးဝေကျော် အောင်နှင့်ဇနီး ဒေါ်စိန်ညွန့်ဦးတို့ နေထိုင်သော နေအိမ် ဖြစ်သည်။

ယခုကဲ့သို့ အိမ်ဖြိုဖျက်ခံရသည်သာမက အိမ်အသုံးအဆောင်ပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးက သိမ်းဆည်းထား သဖြင့် အခုအခါ စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု သူက ပြောသည်။

“အခု စားဝတ်နေရေးက အခက်အခဲဖြစ်နေပါတယ်။ အိပ်ဖို့ဆိုရင် သူများအိမ်တွေမှာ အိပ်ရပြီးတော့ စားတဲ့အခါ မိသားစု တွေအိမ်မှာ စားနေရပါတယ်” ဟု ဦးဝေကျော်အောင်က ပြောသည်။

ဦးဝေကျော်အောင်တို့အိမ်ကို သက်ဆိုင်ရာ ခရစ်ယာန်သင်္ချိုင်းမြေဟု ဆိုကာ ကြံံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးထွန်းဝင်းက တရားစွဲဆိုပြီး အနိုင်ရရှိသွားသဖြင့် ဇန္နဝါရီလ ၂၆ ရက်နေ့က လာရောက် ဖြိုဖျက်ပစ်ခြင်းဖြစ်သည်။

ဖြိုဖျက်ခံရသော အိမ်မှာ လွန်ခဲ့သော ၁၃ နှစ်က အဖွားကြီးတဦးထံမှ ဦးဝေကျော်အောင်အားလုပ်ကိုင်စား သောက်ရန် ပေးထားသော မြေနေရာဖြစ်သည်။

သက်ဆိုင်ရာမှ လာရောက်ဖြိုဖျက်သောအချိန်တွင် လယ်ပိုင်ရှင် အဖွားကြီးက ဟန့်တားခဲ့သော်လည်း မရဘဲ ဖြိုဖျက်ပစ်ခဲ့ သည်ဟု လယ်ပိုင်ရှင် အဘွားကြီးက ပြောသည်။

“သူတို့ လာရောက် ဖျက်ဆီးတဲ့ အချိန်မှာ အိမ်မှာလဲ သူတို့ လင်မယားမရှိကြဘူး။ အဲဒီအချိန်မှာသူတို့ ရောက်လာ ကြတယ်။ ကျွန်မက ဒီနေရာတွေဟာ သူတို့လင်မယားကို လုပ်စားဖို့ ပေးထားတဲ့ ငါရဲ့လယ်ယာ မြေဖြစ်တယ်ဆိုပြီး ဟန့်တားပါတယ်။ ဒါပေမယ့် တရားရုံးကလူတွေ၊ ရဲတွေနဲ့ ခရစ်ယာန် အဖွဲ့ကလူတွေက ဖြိုဖျက်သွားကြတာ ဖြစ်ပါတယ်။”

ဖြစ်ပျက်ပုံနှင့်ပတ်သက်ပြီး ဒီမိုကရေစီအဖွဲ့ချုပ် မြေပုံမြို့နယ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက နိရဥ္စရာသို့ ပြောသည်။

“ကြံ့ခိုင်ရေးဖက်က လူက ခရစ်ယန်သင်္ချိုင်းမြေဆိုပြီး ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက တရားစွဲတယ်။ အိမ်ရှင်တွေ ဖက်ကလဲ အဲဒီနေရာမှာ ၁၃ နှစ်တိတိ လုပ်ကိုင်စားသောက်လာပြီဖြစ်တယ်။ ဒါပေမယ့် သူတို့က မြေဂရမ်တွေ ခံလို့မရှိပေမယ့် လယ်ရှင်အဖွားကြီးတဦးဆီက လုပ်စားဖို့ ပေးထားတာဖြစ်တယ်ဆိုပြီး ပြောပေမယ့် တရားသူကြီးတွေနဲ့ ပေါင်းပြီး တရားကို အနိုင်ယူသွားတာ ဖြစ်ပါတယ်။”

ယခု ဖြိုဖျက်ခံရသော အိမ်နှင့်အပါအဝင် စပါးတစ်ရာခန့်ထွက်သော လယ်မြေနှင့် ဥယျာဉ်ခြံတို့ကိုလွန်ခဲ့ သည့် နှစ်အနည်း ငယ်က မြေပုံမြို့တွင် တာဝန်ကျခဲ့သော စာရေးမ တစ်ဦးက ကြံ့ခိုင်ရေးပါတီစည်းရုံးရေး မှူး ဦးထွန်းဝင်းကို လက်တို့စနစ်ဖြင့် ရောင်းချခဲ့သည့်ဟု သိရသည်။

ဦးထွန်းဝင်းက တရားမဝင် လက်တို့စနစ်ဖြင့် ၀ယ်ယူထားသော လယ်ယာမြေကို ခရစ်ယာန်အဖွဲ့အစည်းများ နှင့် ပူးပေါင်း ကာ တပတ်လှည့်ဖြင့် ခရစ်ယာန်သင်္ချိုင်းမြေဟု အမည်တတ်ကာ တရားစွဲဆိုခြင်းဖြစ်သည်ဟု ဒေါ်မပုချေက ပြောသည်။

အိမ်ဖြိုဖျက်ခံရသူ ဦးဝေကျော်အောင်မှာ သူတို့အိမ်နှင့် ဥယျာဉ်ခြံမြေကို ပြန်လည်ရရှိရေးအတွက် ယခုအခါ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မြေပုံမြို့နယ်ကို တိုင်ကြားထားသည်ဟု ပြောသည်။

Most read this week