တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းရေး ဂီတဖျော်ဖြေပွဲ ကျင်းပမည်

တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းရေး ဂီတဖျော်ဖြေပွဲ ကျင်းပမည်
by -
မဇ္ဈိမ

တိုင်းရင်းသားပေါင်းစုံ ပါဝင်ဖော်ဖြေမည့် 'ငြိမ်းချမ်းရေးတေးသံ ပြည့်အားမာန်' ဂီတဖျော်ဖြေပွဲတခုကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ်သွားမည်ဟု စီစဉ်သူ ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌ ကိုတင်ထူးအောင် က ပြောသည်။

ထို ဂီတဖျော်ဖြေပွဲတွင် ဇော်ပိုင်၊ နေတိုး၊ ထူးအယ်လင်း၊ ဝင်းကိုခိုင်၊ သျှီ၊ ချစ်သုဝေ၊ ရတနာမိုင် အပါအဝင် တိုင်းရင်းသား တေးသံရှင် ၂၀ ကျော်နှင့်အတူ တိုင်းရင်းသားများ၏ ရိုးရာ အကအလှ များကိုလည်း တင်ဆက်ရန် စီစဉ်ထားကြောင်း တနင်္လာနေ့က ပြုလုပ်သည့် စာနယ်ဇင်းများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုသွားသည်။

“ဒီပွဲကို ကျနော်တို့အနေနဲ့ အထူးခြားဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ နိုင်ငံရေး၊ အနုပညာ၊ ရသပေါင်း စုံပေးနိုင်တဲ့ ပွဲတပွဲ ဖြစ်အောင်၊ တိုင်းရင်းယဉ်ကျေးမှု အားလုံးကို ဖော်ထုတ်နိုင်တဲ့ ပွဲတပွဲ ဖြစ်အောင် အဓိကလုပ်ကိုင် ဆောင်ရွက်ထားတဲ့ပွဲ ဖြစ်တယ်” ဟု ကိုတင်ထူးအောင် က မဇ္စျိမကို ပြောသည်။

ထိုဂီတဖျော်ဖြေပွဲမှ ရလာသည့် အကျိုးအမြတ်များကို ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသား ပြည်သူများ၏ အထွေထွေ လိုအပ်ချက်များနှင့် ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ၊ ရခိုင် ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ ကလေးငယ်များ ပညာရေးထောက်ပံ့မှုအဖြစ် ပညာရေး ရန်ပုံငွေ ဂီတပွဲတော် တခုကိုလည်း ထိုကွန်ယက်ကပင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်းက ကျင်းပခဲ့သေးသည်။