အရပ်ဘက် လူ့အဖွဲ့စည်းများ ပါဝင်လာပါမှ ဒီမိုကရေစီ ဖော်ဆောင်ရေး အောင်မြင်နိုင်မည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC)တွင်ပြုလုပ်သော အရပ်ဘက်လူမှု အဖွဲ့စည်းများ နှင့် တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားလိုက်သည်။
“ကျနော်တို့ လူတစုတည်းနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့ မရပါဘူး။ တပြည်လုံးက လူတွေ ပါမှ ရမှာပါ။ အရပ်ဘက် လူ့အဖွဲ့စည်းတွေ အများကြီး ပါမှ တိုင်းပြည် တိုးတက်မှာပါ။ အရပ်ဘက် လူ့အဖွဲ့စည်းများ ပါမှ ဒီမိုကရေစီ အောင်မြင်နိုင်ပါမယ်။ သူတို့က အပြောင်းအလဲမှာ အဓိက အား တခုပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က ဆိုသည်။
သမ္မတရုံးဝန်ကြီးတဦးဖြစ်သည့် ဦးအောင်မင်းကလည်း “နိုင်ငံရေးတင် မကဘူး၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ အရပ်ဘက် လူအဖွဲ့စည်းတွေ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်။ အစိုးရချည်း ကိစ္စတိုင်း မလုပ်နိုင်ပါဘူး။ ပြည်သူနဲ့ ပူးပေါင်း လုပ်ရပါမယ်။ ဒီနေရာမှာ NGO တွေက အရေးပါလာပါတယ်” ဟု ပြောသည်။
အရပ်ဘက်လူအဖွဲ့စည်းများအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးအတွက်လည်း အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် လိုအပ်ကြောင်းလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ကပြောဆိုသွားသည်။
“အရင်ကဆို အပြင်က NGO တွေက အစိုးရကို မယုံဘူး။ အစိုးရလည်း သူတို့ကို မယုံဘူး။ ကျနော်တို့ မြန်မာငြိမ်းချမ်းရေးစင်တာကို တည်ဆောက်တာက NGO ဆန်ဆန် ပြုလုပ်သွားဖို့ ဖွဲ့ထားတာပါ” ဟု ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကချင် ငြိမ်းချမ်းရေးကွန်ယက်၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်၊ အဖြူရောင် တွဲလက်များ၊ University Christian Movement စသည့် NGO စုစုပေါင်း ၄၆ ခုမှ ကိုယ်စားလှယ်ပေါင်း ၉၀ ကျော်တက် ရောက်ခဲ့သည်။
“အစိုးရက အရပ်ဘက် လူ့အဖွဲ့စည်းတွေနဲ့ ပူးပေါင်းပါဝင်ဖို့ ပြောတာ ကောင်းတာပေါ့။ ကျနော်တို့ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေအနေနဲ့လည်း ပါဝင်ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ထဲထဲဝင်ဝင် ပါဝင်ခွင့်ပေးဖို့ တော့ ပြောချင်ပါတယ်” ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဠု က ဆိုသည်။