နှစ် ၃၀ ကြာ အဆင့်ဆင့်ပြုလုပ်သွားမည့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းဌာနမှ ဒုတိယ ဌာနမှူး ဦးတိုးအောင် က ပြောသည်။
ထိုစီမံကိန်းကို ဂျပန်နိုင်ငံရှိ JICA အဖွဲ့အစည်း နှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး ပထမ ငါးနှစ်ကာလ (၂၀၁၃ မှ ၂၀၁၈ ခုနှစ်အထိ) ကနဦး ခန့်မှန်းတွက်ချက်မှုအရ ဒေါ်လာ ၂,၂၄၅ သန်း ကုန်ကျမည် ဖြစ်သည်။ ယင်းအတွက် ဂျပန်နိုင်ငံက ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ပြီး ဒေါ်လာသန်း ၅၀၀ ကိုလည်း အတိုးနှုန်းနည်းဖြင့် ချေးသွား မည် ဖြစ်သည်။
စီမံကိန်းတွင် ရန်ကုန်မြို့တော် ဧရိယာအား တိုးချဲ့မှုများ အပါအဝင် တန်ဖိုးနည်းအိမ်ယာ စီမံကိန်း၊ လမ်း၊ လျှပ်စစ်မီး၊ ရေနှင့်မိလ္လာစနစ်များ စသည်တို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည့် စီမံချက်များ ပါဝင်သကဲ့သို့ စီးပွားရေးဇုန်အသစ်များ ဖော်ထုတ်ခြင်းတို့ပါ ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
စည်ပင်၊ မြို့ပြစီမံကိန်း ဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးဝင်းလှိုင်ထွန်း က “ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ JICA အဖွဲ့အစည်းက ရန်ကုန်မြို့ပြဧရိယာ ထပ််ပြီး တိုးချဲ့မယ်ဆိုရင် သန်လျင်၊
ကျောက်တန်း၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်နဲ့ တွံ့တေး မြို့နယ်တွေမှာ မြေဧကပေါင်း ၃၇၀,၀၀၀ ကျော် ထပ်မံတိုးချဲ့နိုင်တယ်လို့ အကြံပြုထားပါတယ်။ ရန်ကုန်မှာ လက်ရှိ အခြေအနေအရ မြေကို လူနေအိမ်ခြေအဖြစ် အသုံးပြုထားတဲ့ ရာခိုင်နှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပြီး စက်မှုကဏ္ဍအတွက် ၆ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုထားတဲ့အတွက် အနာဂတ် မြို့ပြ စီမံကိန်းအတွက် စိန်ခေါ်မှုတရပ် ဖြစ်လာပါတယ်” ဟု ပြောသည်။
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းတွင် အဆင့်မြင့် ရထားလမ်းများ ဆောက်လုပ်ခြင်း၊ မြို့ပတ် ရထားစနစ် အဆင့်မြှင့် တင်ခြင်းတို့ကို ကာလတို လုပ်ဆောင်ချက်အဖြစ် အမြန်လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် မတ်လမှ စက်တင်ဘာလအတွင်း ပို့ဆောင်ရေး မဟာစီမံကိန်း၏ ဦးစားပေး စီမံကိန်းများအတွက် ရှေ့ပြေး လေ့လာဆန်းစစ် မှုများ လုပ်ဆောင်မည်ဖြစ်ပြီး အသေးစိတ် ဒီဇိုင်းများကို ၂၀၁၄ ခုနှစ်တွင် ရေးဆွဲမည်ဖြစ်၍ လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ သွားမည်ဟု သိရသည်။
ယခုပြုလုပ်မည့် စီမံကိန်းတွင် အစိုးရဌာနပိုင် မြေများနှင့် လယ်မြေများ အများဆုံး ပါဝင်ပြီး မြေလွတ်မြေရိုင်း များတွင် အဓိက တိုးချဲ့သွားမည်ဖြစ်ကာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း ရန်ကုန်အား ချဲ့နိုင်ရန် သမ္မတကမြေဧက လေးသောင်းကျော်ကို စည်ပင်သို့ ခွင့်ပြုခဲ့သည်။
သို့ရာတွင် JICA မှ အကြံပြုထားသည့် မြေနေရာများနှင့် သမ္မတမှ ခွင့်ပြုထားသည့် မြေနေရာတို့မတူညီ သည့်အတွက် ပညာရှင်များက ယင်းမြေနေရာများ တိုးချဲ့နိုင်ရေး အတွက် သမ္မတထံ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။
ရန်ကုန်မြို့တွင် လက်ရှိ အိမ်ထောင်စု အရေအတွက် ၁.၀၅ သန်း ရှိပြီး နှစ်စဉ် အိမ်ထောင်စု ၂၆,၀၀၀ ခန့် တိုးပွားလျက်ရှိကြောင်း စည်ပင်မှ စစ်တမ်းတွင် ဖော်ပြထားသည်။
လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျေးလက်နေ ပြည်သူများ သိသိသာသာ တိုးပွားလာ၍ ရန်ကုန် စည်ပင်နယ်နိမိတ်ကို ၁၉၅၈ ခုနှစ်တွင် သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ၁၉၇၄ ခုနှစ်တွင် အင်းစိန်အထိနှင့် ၁၉၉၀ ခုနှစ် နောက််ပိုင်းတွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ အထိ တိုးချဲ့ခဲ့သဖြင့် ရန်ကုန်စည်ပင် နယ်နိမိတ် ဧရိယာ ၃၀၆ စတုရန်းမိုင် အတွင်း လူဦးရေ ၅.၂ သန်းအထိ နေထိုင်လာကြသည်။