ကိုရီးယား EPS စာမေးပွဲ မေးခွန်းပုံစံ ပြောင်းမည်

ကိုရီးယား EPS စာမေးပွဲ မေးခွန်းပုံစံ ပြောင်းမည်
by -
မဇ္ဈိမ

ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲအတွက် မေးခွန်းပုံစံ အနည်းငယ်ပြောင်းမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဋ္ဌာန အစိုးရ အလုပ်အကိုင် အေဂျင်စီ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ပြောသည်။

စာမေးပွဲ မေးခွန်းပုံစံ ပြောင်းလဲ ရခြင်းမှာ ယခင်စာမေးပွဲများတွင် ဘာသာစကားကို သေချာနားလည်ခြင်း မရှိပဲ အလွတ်ကျက် ဖြေဆိုခြင်းများရှိခဲ့ပြီး အဆိုပါလုပ်သားများ ကိုရီးယားနိုင်ငံသို့ ရောက်ရှိသောအခါ ဘာသာစကား အခက်အခဲကြောင့် အလုပ်မတွင်ကျယ်မှုများ ရှိနေကြောင်း ထို့ကြောင့် အမှန်တကယ် နားလည်မှု ရှိမရှိ ကို ဦးစားပေး စစ်ဆေးမည်ဟု  ဦးဝင်းမြင့်ကပြောခဲ့သည်။

၎င်းက “မေးခွန်းပုံစံ ပြောင်းလဲတာကို ကြိုတင် ပြင်ဆင်နိုင်ဖို့အတွက် ပြဌာန်းစာအုပ်ကိုလည်း ကျွန်တော်တို့ သင်ကြားပေးတဲ့ သင်တန်းကျောင်းတွေကို ပေးမှာပါ။ ဒါပေမယ့် အရမ်းအခက်ကြီးဖြစ်မှာတော့ မဟုတ် ပါဘူး” ဟုပြောသည်။  

ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နိုင်ရန်အတွက် မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီခဲ့ပြီး ကိုးရီးယားဘာသာ စကားအရည်အချင်း စာမေးပွဲများ စစ်ဆေးခဲ့သည်။ အဆိုပါ စာမေးပွဲများကို မေလ ၁၈ ရက်နှင့် ၁၉ ရက်များတွင် စစ်ဆေးသွားမည် ဖြစ်ပြီး စစ်ဆေးမည့် အကြောင်းကို မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှ ကြေငြာမည် ဟု ဦးဝင်းမြင့်မှ ပြောသည်။

ထို့အပြင် စာမေးပွဲ ဖြေဆိုရန်အတွက် လျှောက်လွှာတင်ခြင်းကို မတ်လ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် စာမေးပွဲ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သွားရောက်မည့် သူများသည် ပတ်စပို့စ် သက်တမ်း အနည်းဆုံး တနှစ်ကျန်ရှိရမည် ဖြစ်ပြီး ယင်းသို့ သွားရောက်ရန် ကုန်ကျမည့် ၀န်ဆောင်ခနှုန်းမှာ တဦးလျှင် ငွေကျပ် ခြောက်သိန်းခွဲဖြစ်ကြောင်းနှင့် အဆိုပါငွေကြေးတွင် လေယာဉ်လက်မှတ်နှင့် ဆေးစစ်ခများပါ၀င်ပြီး ဖြစ်သည်။

ယခုတစ်ခေါက် မြန်မာနိုင်ငံမှ ကိုရီးယားအတွက် အလုပ်သမား ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ဌာနေ ကိုယ်စားလှယ် Mr.Choi Jung In ၏ ပြောကြားချက်အရ ကုန်ထုတ်လုပ်ငန်းအတွက် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၄၉၀၀ ခန့်ခေါ်မည်ဖြစ်ပြီး အခြားစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများပါ ပါ၀င်မည် ဆိုပါက လူဦးရေ ၅၀၀၀ ကျော်ခန့် ခေါ်ယူ မည်ဖြစ်သည်ဟု သိရသည်။

နှစ်နိုင်ငံ အစိုးရများ သဘောတူညီချက်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းကို ၂၀၀၇ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခု ငါးကြိမ်မြောက် စေလွှတ်ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် အလုပ်သမားများ ထပ်မံ ခေါ်ယူရန် အစီအစဉ်ရှိသော်ညလ်း အချိန်အတိအကျကိုမူ
ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အစိုးရ အလုပ်အကိုင် အေဂျင်စီထံက သိရသည်။

၂၀၀၇ ခုနှစ်က စတင်ခေါ်ယူခဲ့သော အဆိုပါ အလုပ်သမား ခေါ်ယူခြင်းတွင် ပြီးခဲ့သည့် ၂၀၁၂ နောက်ဆုံး ခေါ်ယူခဲ့ပြီးသည့် အချိန်အထိ လူဦးရေ ၅၀၀၀ ကျော် ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု သိရသည်။ ကိုရီးယား နိုင်ငံတွင် ကုန်ထုတ်လုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ရမည်ဖြစ်သည်။

Most read this week