ရခိုင်နယ်စပ်တွင် ဂျီအီးတပ်ဖွဲ့ ဒုတိယ အကြိမ် တိုက်ခိုက်ခံရပြီး ကားပါမီးရှို့ခံရ

ရခိုင်နယ်စပ်တွင် ဂျီအီးတပ်ဖွဲ့ ဒုတိယ အကြိမ် တိုက်ခိုက်ခံရပြီး ကားပါမီးရှို့ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင်  ခြံစည်းရိုးကာရံနေသော ဂျီအီးတပ်ဖွဲ့ဝင်များကို ယခုလ ၂၄ ရက်နေ့က အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး ကားတစ်စီးအားလည်း မီးရှို့သွားခဲ့သည်ဟု  သတင်း ရရှိသည်။

ရခိုင်နယ်စပ်တွင် ခြံစည်းရိုးကာနေစဉ်။

ယခု တိုက်ခိုက်ခံရမှုသည် ဂျီးအီးတပ််ဖွဲ့ကို  ဒုတိယအကြိမ် တိုက်ခိုက်မူ ဖြစ်သည်။ ၂၀၁၂ ခု နိုဝင်္ဘာလ ၆ ရက်နေ့ကလည်း  နယ်စပ်မိုင်တိုင်အမှတ် ၅၁ တွင် ခြံစည်းရိုးကာနေသော ဂျီးအီး တပ်သားများ ပထမဆုံး အကြိမ် တိုက်ခိုက်ခံခဲ့ရသည်။

ယခု တိုက်ခိုက်ခံရသော နေရာသည် မောင်တောမြို့နှင့် မိုင် (၄၀) အကွာ ဘင်္ဂလာဒေချ့် နယ်စပ် အနီးတွင် ဖြစ်သည်။

“ဒီလ ၂၄ ရက်နေ့  ညနေ ၄ နာရီခွဲမှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဖြစ်တာက မောင်တောမြို့နဲ့ မိုင် ၄၀ ကျော်ကွာဝေးတဲ့ နစက နယ်မြေ ၁ ဗန္ဓုလကျေးရွာအနီး မိုင်တိုင်အမှတ် ၄၉ မှာ ဂျီအီးတပ်ဖွဲ့က ကားဒရိုင်ဘာ မောင်ချမ်းချမ်း အပါအဝင် ရဲဘော် ၄ ဦးကို လက်နက်ကိုင် ၄၀ ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဂျီအီးတပ်ဖွဲ့ဝင် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

တိုက်ခိုက်ခံရမူမှ ဂျီအီး တပ်သားများ အသက်ဘေးမှ  လွတ်မြောက်လာသော်လည်း သူတို့ အသုံးပြုသော  ကားတစ်စီးကို မီးရှို့ ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။

“လက်နက်ကိုင်တွေက ရုတ်တရက် တောထဲက ထွက်လာပြီးတော့ ပစ်ခတ်တဲ့အခါမှာ ရဲဘော်တွေက လွန်ခဲ့တဲ့နိုဝင်္ဘာလ အတွေ့အကြံုအရ အချိန်မှီ ထွက်ပြေးပြီးတော့ လွတ်မြောက်လာခဲ့တယ်။ ဒါပေမယ့် ဂျီအီး ၀န်ထောက်ဖြစ်တဲ့ ဦးနေဝင်းလှိုင်ရဲ့ တပည့် မောင်ချမ်းချမ်းမောင်းတဲ့ လေးလုံးထိုး တီဘာ တရုတ်လုပ် ကားကို သူတို့က မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်” ဟု ဆိုသည်။

ယခုအခါ အခင်းဖြစ်ပွားရာ နေရာသို့ စစ်တပ်နှင့် နစက တပ်ဖွဲ့ဝင်များ သွားရောက်ပြီး စစ်ဆေးမှုများနှင့် လုံခြံုရေးများ ဖြန့်ကျက်ချထားသည်ဟု သိရသည်။

ယခုကဲ့သို့ နယ်စပ် တလျှောက် လက်နက်ကိုင်လှုပ်ရှားနေသော အဖွဲ့များသည် နယ်စပ်တလျှောက် လုံခြံုရေး အားနည်း ချက်များကို အခွင့်ကောင်း ယူပြီး ခြံစည်းရိုးကာရံနေသော ဂျီအီးတပ်ဖွဲ့ဝင်များကို ခြံုခို တိုက်ခိုက်နေခြင်း ဖြစ်သဖြင့် ဂျီးအီးတပ်ဖွဲ့ဝင်များ အကြား အထူး စိုးရိမ်နေကြသည်ဟု သူကပြောသည်။

လွန်ခဲ့သော နိုဝင်္ဘာလ  ၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ယခုဖြစ်ပွားသော နေရာနှင့် အနီးအနားရှိ မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြားတွင် ခြံစည်းရိုး ကာရံနေစဉ် အမည်မသိ လက်နက်ကိုင်တစုက ၀င်ရောက်တိုက်ခိုက်သဖြင့်  ဂျီအီး စက်ပြင် ဆရာ တဦးဖြစ်သူ ကျော်ကျော်ဝင်းမှာ သေဆုံးခဲ့ရသည်။

၎င်းအပြင် ဂျီးအီးတပ်ဖွဲ့မှ လမ်းဗိုလ် ခင်မိုးအောင်နဲ့ ရဲဘော်နှစ်ဦးလည်းပျောက်ဆုံးခဲ့ရာ ယခုအချိန်ထိ ရှာဖွေ မရဘဲ ဖြစ်နေသည်။

ယခု နယ်စပ် တလျှောက် ခြံစည်းရိုးကာရံနေသော ဂျီအီးတပ်ဖွဲ့ အပေါ် ၀င်ရောက်တိုက်ခိုက်သော အဖွဲ့မှာ RSO မူဆလင် လက်နက်ကိုင်အဖွဲ့ ဖြစ်ကြောင်း RFA ၏ သတင်းတွင် ဖေါ်ပြသည်။

မြန်မာအာဏာပိုင်များက ယခုကဲ့သို့ တိုက်ခိုက်ခံရ၍ တပ်သားများ သေကြေ ပျက်စီးပြီး ပျောက်ဆုံးမူ ရှိနေသော်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိဘဲ သတင်းများကို အမှောင်ချထားသည်။

Most read this week