ကချင်ထိုးစစ်ရပ်စဲရေး တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများရှေ့တွင် ဆန္ဒထုတ်ဖော်

ကချင်ထိုးစစ်ရပ်စဲရေး တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများရှေ့တွင် ဆန္ဒထုတ်ဖော်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများက ချင်းမိုင်ရှိ အမေရိကန်နှင့် တရုတ်ကောင်စစ်ဝန်ရုံးများ ရှေ့တွင် ယနေ့နံနက်က ဆန္ဒပြခဲ့သည်။

ဇန်နဝါရီ ၂၅ ထိုင်းနိုင်ငံ ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဓပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။ ပုံ-ကချင်သတင်းဌာန

ဒုက္ခသည်များအား အကူအညီပေးရန် တရုတ်နိုင်ငံကို တောင်းဆိုခဲ့ပြီး အမေရိကန်နိုင်ငံကိုမူ ကချင်ပြည်နယ် ထိုးစစ်ရပ်တန့်စေရန် ကူညီဖိအားပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ကချင်စစ်ပြေးဒုက္ခသည်များအား မောင်းထုတ်ခြင်းများ ဖမ်းဆီးခြင်းများကို မပြုလုပ်ရန်နှင့် NGO နှင့် UNHCR စသည့် အကူအညီပေးသည့် အဖွဲ့အစည်းများအား သွားလာခွင့်ပေးရန် တရုတ်နိုင်ငံအား တောင်း ဆိုခဲ့ကြသည်။

“မြန်မာအစိုးရထိုးစစ်ဆင်နေတဲ့ လိုင်ဇာနဲ့ ဖားကန့်နေရာတွေမှာ အပြင်းထန်ဆုံး ထိုးစစ်တွေလုပ်နေတယ်။ လက်နက်ကြိီးနဲ့ပစ်တယ်။ သူတို့ထိုးစစ်က ပြည်သူလူထုအပေါ်ထိတယ်။ ဒဏ်ရာရတယ်၊ သေတယ်။ ဒီလိုနဲ့ စစ်ပြေးတွေတရုတ်ဘက်ကို အများအားဖြင့်ပြေးကြတယ်။ တရုတ်ကပြန်ဖမ်းတယ်။ မောင်းထုတ်နေတယ်။” ဟု ကချင်ကျောင်းသား လူငယ်များသမဂ္ဂ (AKSYU) မှ ကိုလီယိုနပ်(စ်)က ကချင်သတင်းဌာန (KNG) သို့ပြောသည်။

ဇန်နဝါရီ ၂၅ ထိုင်းနိုင်ငံ ချင်းမိုင် အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဓပြနေတဲ့ ထိုင်းနိုင်ငံကချင်လူမျိုးများ။ ပုံ-ကချင်သတင်းဌာန

အမေရိကန်နိုင်ငံကိုမူ တချိန်က အမေရိကန် မဟာမိတ်တပ်များကို ကူညီခဲ့သည့် ကချင်အမျိုးသားများအား မမေ့လျော့ရန်နှင့် မြန်မာအစိုးရ၏ ထိုးစစ်ရပ်တန့်စေရန် ဖိအားပေးကူညီရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြရာတွင် ပါ၀င်သည့် ထိုင်းနိုင်ငံ ဘန်မိုင် (Ban Mai) ကချင်ကျေးရွာမှ အသက် ၅၀ ရှိ ဒေါ်ခါးတောမ် (Salang Jan Hka Tawm) က “ယခင်က ကျမတို့ရဲ့ ဂျိန်းဖေါ့ ၀န်ပေါင်လူကြီးတွေ အမေရိကန်စစ်သားတွေကို ကူညီခဲ့တာ တွေကို အခုအမေရိကန်တွေ ပြန်ပြီး သတိရစေချင်တယ်။ ဒီကနေ့ ကျမတို့ လိုအပ်နေတဲ့ချိန် မှာလည်း အမေရိကန်အစိုးရတွေအနေနဲ့ ဂျိန်းဖေါ့ဝန်ပေါင် လူမျိုးတွေကို တခါပြန်ပြီးတော့ ကူညီလာမယ်လို့ မျော်လင့်တယ်။” ဟု ပြောသည်။

မနက် ၉ နာရီချိန်မှ ၁၂ နာရီထိ တရုတ်ကောင်စစ်ဝန်ရုံးနှင့်  အမေရိကန် ကောင်စစ်ဝန်ရုံး ၂ နေရာတွင် ထိုင်းနိုင်ငံရှိ ကချင်အမျိုးသား ၁၀၀ နီးပါးက ထိုင်း၊ အင်္ဂလိပ်၊ တရုတ်စသည့်  ဘာသာစကားများဖြင့် ရေးသားထားသည့် ငြိမ်းချမ်းရေးပိုစတာများ အလံများကိုင််ဆောင်ကာ ကချင်အမျိုးသား သီချင်းများသီဆို၍ ဆန္ဒပြခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) မှ မဆိုင်းဇင်ကလည်း “ကေအိုင်အို ထိန်းချုပ်တဲ့နယ် မြေဆိုတာ ကျမတို့တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ခုခံကာကွယ်ပေးတဲ့ အရေးကြီးတဲ့ နယ်မြေဖြစ်တယ်။ ဒီနယ်မြေကို အမြစ်ဖြတ်ချေးမှုန်းမယ်ဆိုတဲ့ စိတ်ဓာတ်က ကချင်ပြည်သူလုထုအတွက် နစ်နာစေတယ်။” ဟု ပြောသည်။  ထို့အပြင် “လက်ရှိထိုးစစ်တွေဟာ ကေအိုင်အိုကို ဘဲပစ်မှတ်ထား တာမဟုတ်ဘူး။ အပြစ်မဲ့ပြည် သူတွေရဲ့အခွင့်အရေးကို ချိုးဖောက်တယ်။ လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့အတွက် တောင်းဆိုတယ်။” ဟု ပြောသည်။

ယခုလိုဆန္ဒထုတ်ဖော်ခြင်းအားဖြင့် ပြင်းထန်သည့် တိုက်ပွဲများရပ်ဆိုင်းမည်ဟု မျှော်လင့် သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားမည်ဆိုပါက ဆက်လက်ဆန္ဒပြရန်ရှိကြောင်း ကချင်အမျိုးသမီး အစည်းအရုံးက ပြောသည်။

ဒီဇင်ဘာလကုန်ပိုင်းမှ စ၍ မြန်မာအစိုးရက ကေအိုင်အို ဌာနချုပ်အနီးရှိ တပ်စခန်းများကို လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြု၍ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

Most read this week