Dawei Watch – ကမ်းဝေး ရေပြင်တွင်သာ ငါးဖမ်းခွင့်ပြုထားသည့် ကမ်းဝေး တရွတ်ဆွဲ ငါးဖမ်းစက်လှေ (ဝါလတ်လှေ) များသည် ကမ်းခြေအနီးထိ လာရောက်၍ အလွန်အကျွံ ဖမ်းဆီးနေသည့်အတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူ ထက်ဝက်ခန့် လုပ်ငန်း ရပ်နားထားရကြောင်း ကာယကံရှင်များက ပြောသည်။
တီဇစ်ကျေးရွာရှိ ကင်းမွန်မြုံး လုပ်ငန်းခွင်အား တွေ့ရစဉ် ကမ်းဝေး ငါးဖမ်းလှေများကြောင့် ဒေသခံများ၏ ကင်းမွန်မြုံး ရာဂဏန်းအထိ ဆုံးရှံုးလာ ရှိပြီး တီဇစ်ကျေးရွာတွင် ကင်းမွန်မြုံးလုပ်ငန်း လုပ်ကိုင်သူ ၄၀ ဝန်းကျင်ရှိသည့်အနက် ၂၀ ခန့်သည် ဝါလတ်လှေများကြောင့် ဆုံးရှံုးမှု ကြံုခဲ့ရကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံမြို့နယ်၊ တီဇစ် ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ရေလုပ်သား ဦးအောင်ညွန့်က ပြီးခဲ့သည့် သုံးလအတွင်း ကင်းမွန်မြုံး ၅၀ ကျော်နှင့် မျောပိုက် ၂၅ ဖုံ ဆုံးရှံုးခဲ့ကြောင်း “ဆုံးရှုံးတဲ့ ပမာဏများလို့ ဆက်လုပ်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး” ဟု ဆိုသည်။
တီဇစ်ကျေးရွာသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းတည်ရှိပြီး ဒေသခံများသည် မျောပိုက်ချခြင်း၊ ကင်းမွန်မြုံး ချခြင်းနှင့် ငါးမျှားခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။
ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကမ်းခြေအထိသာ သွားရောက်စစ်ဆေးခွင့်ရှိပြီး ပင်လယ်ရေပြင်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပင်လယ်ပြင်စိုးမိုးရေးတပ်နှင့် ရေတပ်များသာ စစ်ဆေးပိုင်ခွင့် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ညွှန့်ဝေက အခုလို ပြောဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ပင်လယ်ရေပြင်အထိ ဆင်းပြီးစစ်ဆေးလို့မရပါဘူး။ ဒါကို ကာကွယ်ရေး က စာထုတ်ထားတာလည်းရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ငါးလုပ်ငန်း ဥပဒေအရ ငါးဖမ်းရေယာဉ်များသည် လိုင်စင်ပါ စည်းကမ်းများကို ဖောက်ဖျက်လျှင် ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ငွေဒဏ် သုံးသိန်းဖြစ်စေ၊ ပြစ်ဒဏ်နှစ်ခုစလုံးကို ဖြစ်စေ ကျခံရမည်ဟု ဖော်ပြထားသည်။
“ဒီနှစ်ထဲမှာ အရေးယူတာ ၁၆ စင်းရှိပါတယ်။ ဒါပေမယ့် ဖမ်းတဲ့လှေတွေကလည်း ဖမ်းတုန်းပါပဲ” ဟု ဒေါက်တာညွန့်ဝေ က ဆက်ပြောသည်။
ယခုကဲ့သို့ ကာကွယ်ရေး ဦးစီးဌာနကသာလျှင် စစ်ဆေးပိုင်ခွင့်ရှိသည့် မြန်မာ့ ပင်လယ်ပြင်တွင် ယင်းသို့ စည်းကမ်းဖောက်ဖျက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အပေါ် မှတ်ချက်ပေးရန် ဒေါက်တာ ညွန့်ဝေက ငြင်းဆိုခဲ့သည်။
ယင်းကိစ္စအပေါ် သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာနသို့ မေးမြန်းလိုသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေး ပေ။
ဝါလတ်လှေများသည် ပင်လယ်ဒီရေ ထရက်ဖြစ်သည့် မြန်မာ ရက် လဆန်း ၁၃ ရက်နေ့မှ လဆုတ် ၅ ရက်အထိ (၈) ရက်အတွင်း ကမ်းခြေအနီး နေ့ရော ညပါ ဝင်ရောက်ဖမ်းဆီးပြီး ကျန်ရက်များ၌ ညအချိန် စက်လှေမီးများ ပိတ်ပြီး ဝင်ရောက်ဖမ်းဆီးကြောင်း ဒေသခံများက ပြောဆိုသည်။
ကမ်းနီးသို့ ဝင်ရောက်ဖမ်းဆီးချိန်တွင် စက်လှေနံပါတ်(အမှတ်အသား)နှင့် အမည်များကို ဖုံးအုပ်ထားပြီး ဝင်ရောက်ဖမ်းဆီးသည့် လှေများမှာ တနင်္သာရီကမ်းရိုးတန်း ငါးဖမ်းကွက်မှ လှေများဖြစ်ကြောင်း ဒေသခံ ရေလုပ်သားများက ဆိုသည်။
ငါးလုပ်ငန်း ဥပဒေအရ ပင်လယ်ကမ်းဝေး ငါးဖမ်းလိုင်စင်ရရှိထားသည့် ငါးဖမ်းလှေများသည် ဧရာဝတီ၊ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းတွင် ကမ်းခြေမှ (၁၀) မိုင်အကွာ၊ ရခိုင်ကမ်းရိုးတန်းရေပြင်တွင် ကမ်းခြေမှ (၅) မိုင် အကွာတွင် အသီးသီး ဖမ်းဆီးရမည်ဖြစ်သည်။
ကင်းမွန်မြုံး ချသည့် လုပ်ငန်းအား ထားဝယ်ဒေသတွင် တီဇစ်၊ ညောပြင်၊ ကျောက်ထရံ၊ ရှမ်းမော် စသည့် ကျေးရွာများတွင် အများစု လုပ်ကိုင်ကြသည်။