ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်၌ တပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်၌ တပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်အတွင်း၌ ရှမ်းပြည်တပ်မတော် RCSS/ SSA နှင့် အစိုးရတပ်တို့ ယခုတပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွါး ခဲ့ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။

“၁၉ ရက်နေ့မှာနဲ့ ၂၁-၂၂ ရက်နေ့တွေမှာ ၃  ကြိမ်ဖြစ်ပွါးတယ်။ တောင်ပိုင်းသျှမ်းတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော် ပေါ့။ ဆနိန်းရွာဘက် ကပေါ့။ အခုလဆန်းပိုင်းက သျှမ်းတပ်ဖွဲ့က စစ်သား ၂ ယောက်ဆိုင်ကယ် စီး တာကို မြန်မာစစ်တပ်ကတွေ့တော့ လိုက်ပစ်တယ်။ သျှမ်းစစ်သား ၂ ယောက်ကလဲ ဆိုင်ကယ် ပစ်ပြီး ထွက်ပြေးတယ်။ သူတို့ဆိုင်ကယ် ဗမာစစ်သားသိမ်းသွားတယ်။ အဲဒီကစပြီးတော့ သျှမ်းတပ်က ပြန်စောင့်ရင်းနဲ့ အခုလို တိုက်ပွဲဖြစ်သွားတာ” ဟု ပင်လုံရောက် ဆနိန်းဒေသခံကပြောသည်။

RCSS/SSA သျှမ်းပြည်တပ်မတော်မှတပ်သားများ

ပင်လုံမြို့နယ် ဆနိန်းအုပ်စုအတွင်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ တိုင်း လက်အောက်ခံ ခလရ ၂၉၆ တပ်ရင်းမှ အင်အား ၈၀ ခန့်က စစ်ကြောင်း ၂ ကြောင်း ခွဲကာ လှုပ်ရှားကြောင်း၊ ယခုလ ၁၉ ရက်နေ့က လည်း ဆနိန်းအုပ်စု ကောင်းလုံးရွာ ဘုန်းကြီးကျောင်းအနီး သျှမ်းတပ်ဖွဲ့က လမ်းကူးစဉ် မြန်မာ့တပ်မတော်၏ အဆိုပါစစ်ကြောင်းက လိုက်လံပစ်ခတ်ခဲ့ကြောင်း သျှမ်းတပ်ဖွဲ့က တုန့်ပြန်ပစ်ခတ်ခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“၂၁ နဲ့ ၂၂ ရက်နေ့တုန်းက ပင်လုံအနောက်မြောက် ဆနိန်းအုပ်စုနဲ့ကပ်ရက် လွယ်ခူးကျေးရွာအုပ်စု ဘက်မှာလဲ သျှမ်းတပ်ဖွဲ့ကို မြန်မာစစ်ကြောင်းက လိုက်ပစ်တယ်။ အဲတာတော့သျှမ်းဘက် ကပြန်ပစ်တယ် ။ တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်။ မြန်မာ့တပ်မတော်ဘက်က ၂ ယောက် ဒဏ်ရာရတယ်။ သေတာတော့ မရှိဘူး” ဟု အဆိုပါ ဒေသခံကဆက်ပြောသည်။

သို့သော် တိုက်ပွဲဖြစ်ပွားမှု အပါအဝင် ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပါ။

ယနေ့နေ့လည်ပိုင်းကလည်း စစ်သားအပြည့်ပါ မြန်မာစစ်ယာဉ်တန်း ၄ စီး ဆနိန်းအုပ်စုဘက် ထပ်တက်သွား သည်ကိုတွေ့ရကြောင်း မြင်တွေ့ရသည့်မြို့ခံများကပြောသည်။

အဆိုပါ ဆနိန်းအုပ်စုဘက်သို့ မြန်မာ့တပ်မတော်မှစစ်ကြောင်းများပြန်လည် လှုပ်ရှားလာသည့် အတော အတွင်း ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ပြန်လည်တွေ့ရသည်ဟု ဒေသခံ များကပြောဆိုသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည့် တနှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း ၆၈ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့ပြီး ၄၄ ကြိမ်မှာ မြန်မာ့တပ်မတော် နှင့်ပစ် ခတ်ခဲ့ရကြောင်း ကျန်တိုက်ပွဲများမှာ ပြည်သူ့စစ်တပ်ဖွဲ့နှင့်ပစ်ခတ်ခဲ့ရကြောင်း သျှမ်းပြည်တပ်မတော်၏ နှစ်ပတ်လည်အစည်းအဝေး၌အစီရင်ခံတင်ခဲ့ကြသည်ဟု ဆိုပါသည်။