မူပိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ခြင်း လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် မှတ်ပုံတင် လုပ်ငန်းများကို ဒီမိုကရေစီစနစ်နှင့်အညီ ဆောင်ရွက်နိုင်ရန် မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲအသစ်ကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန လက်အောက်တွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်မှ စပြီး ထုတ်ဝေစာတွေ ကြိုတင်စီစစ်တဲ့စနစ်ကို ဖျက်သိမ်းခဲ့ပြီးနောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲကိုလည်း ဖျက်သိမ်းနိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးက ခွင့်ပြုလိုက်သည်။
“စာပေစိစစ်ရေးလုပ်ငန်းက အခုလက်ရှိအချိန်နဲ ့ဘယ်လိုမှ မကိုက်ညီတဲ့အတွက် ဖွဲစည်းပုံ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းရမှာ။ စာပေစိစစ်ရေးကို ဖျက်ကတည်းက မူပိုင်ခွင်နဲ့ မှတ်ပုံတင်ဌာနကို လုပ်မယ်ဆိုပြီး လျာထားတာ။ အခု အဲဒီအတိုင်း လုပ်တာပါ” ဟု မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် က မဇ္စျိမကို ပြောသည်။
အဆိုပါ ဌာနခွဲအသစ်အား ဖွဲ့စည်းခြင်းဖြင့် ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် မှတ်ပုံတင်လုပ်ငန်း၊ စာပေ အနုပညာဆိုင်ရာ မူပိုင်ခွင့်နှင့် မှတ်ပုံတင် လုပ်ငန်းများကို တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့် ဆက်စပ်၍ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။
“အရင်က ပြည်နယ်/တိုင်းတွေကို ဗဟိုခံပြီးလုပ်တာပေါ့။ ပြန်ဆက်ရဲ့ ထူးခြားချက်က ပြည်နယ်/တိုင်း၊ မြို့နယ်တိုင်းမှာ ရှိတယ်။ အဲဒီအတွက် မှတ်ပုံတင်တဲ့သူတွေ ပိုပြီး လွယ်ကူလာမှာပေါ့။ လုပ်ဆောင်တဲ့ အဆင့်တွေ နည်းသွားတာပေါ့။ နယ်မှာ မှတ်ပုံတင်ခွင့်က ပေါ်လာမယ့် စာနယ်ဇင်း ဥပဒေနဲ့ ဆိုင်တယ်။ တိုင်းနဲ ့ပြည်နယ်တွေမှာ မှတ်ပုံတင်ခွင့်ကို လုပ်ပေးနိုင်မယ့် အစီအစဉ်တွေကို ထည့်တော့ စဉ်းစားထားတယ်” ဟု မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် က ပြောသည်။