သစ်တောများ သိမ်းယူခံရမှု မာန်အောင် ဒေသခံများအထက်သို့ စာတင်

သစ်တောများ သိမ်းယူခံရမှု မာန်အောင် ဒေသခံများအထက်သို့ စာတင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကံတိုင်းအုပ်စုတွင် ဒေသခံ ကျေးရွာသားများ အသုံးပြုနေသော တောတောင်များအား စီးပွားရေး သမားများက ဂရမ်ခံပြီး သိမ်းယူသွားသဖြင့် ကျေးရွာသားများက စာရေးပြီး အထက်သို့ တိုင်ကြားလိုက်သည်ဟု သတင်း ရရှိသည်။

စာရေးတိုင်ကြားလိုက်သည့် ကျေးရွာသားများမှာ ကံတိုင်း ကျေးရွာအုပ်စုမှ ဖြစ်ကြသည်ဟု ရွာသား တစ်ဦးဖြစ်သူ ဦးမောင်ကျော်က ပြောသည်။

“လက်မှတ်ရေးထိုးတာက ရွာသား ၅၀၀ ကျော်ပါတယ်။ ကံတိုင်း အုပ်စု စစ်ကဲထော်၊ ဆားချက်၊ ဒါးပြင်၊ကံတုတ်က ကျေးရွာက လူတွေပါ။ ကျေးရွာ အုပ်ချုပ်ရေးမှူး ကတဆင့် မြို့နယ်နဲ့ ခရိုင် အဆင့် လူကြီးတွေကို တိုင်ကြားလိုက်တာပါ” ဟု ဆိုသည်။

ယခု စီးပွားရေး သမားများ ဂရမ်ခံပြီး သိမ်းယူသွားသော မြေများမှာ ကံတိုင်း အုပ်စုမှ (၂)မိုင် အကွာတွင် တည်ရှိပြီး ကျေးရွာသားများ သစ် ၀ါးများ ခုတ်ယူနေသော နေရာ ဖြစ်ကြောင်း သူက ပြောသည်။

“အခုတော့ အဲဒီတောတွေကို ခုတ်နေကြပါပြီ။ ကျွန်းစိုက်မယ်လို့တော့ သိရတယ်။  ဧက ၁၀၀ ကျော် ရှိပါတယ်။ ဒါပေမယ့် ရွာသားတွေ အတွက် ဘိုးစဉ် ဘောင်ဆက် အသုံးပြုလာတဲ့ တောတောင်ကတော့ အခုဆိုရင် စီးပွားရေး သမားတွေရဲ့ လက်ထဲကို ရောက်သွားပါပြီ” ဟု ဆိုသည်။

စာရေးတိုင်ကြားထားသည်မှာ ရက်အနည်းငယ်ခန့်ရှိပြီ ဖြစ်ပြီး အထက်အာဏာပိုင်များမှ ယခုအချိန်ထိ အကြောင်း ပြန်ကြားခြင်း မရှိသေးဟု သူက ဆိုသည်။ တိုင်ကြားရသည့် အကြောင်းမှာ အများပြည်သူများ အသုံးပြုနေသော နေရာဖြစ်၍ သစ်ဝါးများ  ရှားပါးပြီး ဒေသခံများ ဒုက္ခရောက်မည်ကို စိုးရိမ်၍ တိုင်ကြားရခြင်း ဖြစ်သည်ဟု ပြောသည်။

ယခုအခါ မာန်အောင်ကျွန်းတွင် အချက်အချာကျသော နေရာများ၊ ပင်လယ်ကမ်းခြေများနှင့် အုန်းတောများကို မြန်မာနိုင်ငံမှ ချမ်းသာသူများနှင့် တရုတ်များက ၀ယ်ယူနေကြသည်ဟု သိရသည်။

တချို့နေရာများမှာ ပင်လယ် ကမ်းစပ်တွင် တည်ရှိကာ လူသူ အသုံးမပြုသော နေရာများ ဖြစ်ပြီး ဟိုတည်များ ဆောက်လုပ်မည်ဟု သိရကြောင်း မာန်အောင် ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ မာန်အောင်ကျွန်း ဖွံ့ဖြိုး တိုးတက်ရေးကို စတုဒီပါဟု အမည်ဖြင့် ဖွဲ့စည်းထားသော ကုမ္ပဏီ တစ်ခုက လုပ်ကိုင် ဆောင်ရွက်ရန် စီစဉ်နေသည်ဟု သိရသည်။

ထိုင်ဝန်-စင်ကာပူနှင့် ထိုင်းနိုင်ငံများက စီးပွားရေး သမားများလည်း လာရောက်  ရင်းနှီးမြုပ်နှံကြမည်ဟု ဆိုသည်။

မာန်အောင် ကျွန်းပေါ်က လေယဉ်ကွင်းဟောင်းကို ပြုပြင်ပြီး  လေကြောင်းလိုင်း ပြေးဆွဲမည်ဟုလည်း သတင်း ရရှိသည်။

Most read this week