ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ရန်ုကုန်မြို့၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်ရှေ့တွင် ကျင်းပမည် ဖြစ်သည်။
မာရသွန်ပြိုင်ပွဲနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို သောကြာနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဂရမ်း မီရထားဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည်။
မာရသွန်ပြိုင်ပွဲများကို ၄၂ ကီလိုမီတာ၊ ၁၀ ကီလိုမီတာနှင့် ၃ ကီလိုမီတာဟူ၍ သုံးမျိုး သတ်မှတ်ထားသည်။
ပြေးလမ်းကြောင်းများအဖြစ် ၄၂ ကီလိုမီတာကို ပြည်သူရင်ပြင်ရှေ့မှ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမှ အောက်
မင်္ဂလာဒုံလမ်းအတိုင်း ဗဟိုလမ်း(အင်းစိန် ဂျီတီအိုင်)လမ်းဆုံ၊ ထိုမှ လမ်းသစ်လမ်း၊ မင်းဓမ္မလမ်း၊ ပါရမီလမ်းမှ
ပြည်လမ်း ပြည်သူ့ရင်ပြင်သို့ တပါတ်ပတ်ရမည် ဖြစ်သည်။
၁၀ ကီလိုမီတာအတွက် ပြည်သူ့ရင်ပြင်ရှေ့မှ အင်ယားလမ်းအတိုင်း တက္ကသိုလ်ရိပ်သာလမ်းဆုံ၊ လှည်းတန်းလမ်းဆုံနှင့် ပြည်လမ်းအတိုင်း ပြည်သူ့ရင်ပြင်ရှေ့သို့ ပြန်ရောက်ရမည် ဖြစ်သည်။
၃ ကီလိုမီတာအတွက်မူ ပြည်သူ့ရင်ပြင် တပတ်ဟု သတ်မှတ်ထားသည်။
မာရသွန်ပြိုင်ပွဲကို ရိုးမကုမ္ပဏီမှ အဓိကကူညီပံ့ပိုးပေးခြင်းဖြစ်ပြီး နိုင်ငံတကာ မာရသွန်ပြိုင်ပွဲများကဲ့သို့ လူဦးရေ များစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် နောင်နှစ်များတွင်လည်း ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ရိုးမကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေ က ပြောသည်။
မာရသွန်ပြိုင်ပွဲ ကျင်းပချိန်အတွင်း ယာဉ်လမ်းကြောင်းများကို ခေတ္တမျှ ပိတ်ထားမည်ဖြစ်သည်။