တောင်အာရှဒေသမှ သတင်းများနှင့် သတင်းသုံးသပ်ချက်များကို ဖော်ပြသည့် HIMAL Southasian မဂ္ဂဇင်းကို သုံးလတကြိမ်အဖြစ် ပြန်လည်ထုတ်ဝေလိုက်ပြီ ဖြစ်သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ညနေက နယူးဒေလီမြို့ရှိ် နိုင်ငံတကာ စင်တာ (IIC)တွင် ကျင်းပခဲ့
သည့် ပြန်လည်ထုတ်ဝေခြင်း အခမ်းအနားသို့ မဇ္စျိမ အပါအဝင် တောင်အာရှ ၈ နိုင်ငံမှ သတင်းစာဆရာ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
“ကျမတို့ တောင်အာရှနိုင်ငံတွေဆိုတာက တနိုင်ငံနဲ့တနိုင်ငံ ဆက်စပ်မှုက အပ်ချည်ကြိုး ချုပ်ရိုးထိုးသလိုမျိုး (chain stitching) တဆက်တစပ်တည်း ရှိနေကြတာပါ။ ကျမတို့က ဒီနာမည် တောင်အာရှသား (southasian) ဆိုတာကိုသေချာရွေးထားခဲ့တာ။ စာလုံး တလုံးတည်း ရေးပါတယ်။ နယ်စည်းတွေ၊ နယ်နိမိတ်တွေ ခြားမထားဘဲ ဒီဒေသသားတွေအဖြစ် ခံစားနိုင်ကြဖို့ပါ” ဟု အသက် ၈၁ နှစ်အရွယ်ရှိ အိန္ဒိယ သမိုင်းပညာရှင် စာရေးဆရာမကြီး Ramila Tharpar က ပြောဆိုသွားသည်။
မြောက်ပိုင်း တိဘက်မှသည် တောင်ပိုင်း မော်လ်ဒိုက်ဖ်အထိ၊ အနောက်ဖက် အာဖဂန်နစ္စတန်မှသည် အရှေ့ဘက်မြန်မာနိုင်ငံအထိ ကျယ်သည့် ဒေသတွင်းရှိ ပြည်သူ သန်းပေါင်း ၁၄,၀၀၀ အတွက် ရည်ရွယ်ထုတ်ဝေသည်ဟု ဆိုသည်။
HIMAL-1“လွတ်လပ်တယ်၊ အမျိုးသားရေး မစွဲဘူး၊ ဒေသတပြင်လုံး သက်ဆိုင်တယ်။ အိန္ဒိယနဲ့ နီပေါကို ပါကစ္စတန်နဲ့ အာဖဂန်တွေအကြောင်း ပြောပြတယ်။ သိရိလင်္ကာနဲ့ ဗမာပြည်ကို တိဘက်နဲ့ မော်လ်ဒိုက်တွေအကြောင်း ပြောပြတယ်။ နောက်ပြီး မကြာခဏ မျက်စိလျှန်းသွားတတ်တဲ့ ဒီဒေသကြီးအကြောင်း ကျန်ကမ္ဘာကြီးကို ပြောပြတယ်” ဟု HIMAL Southasian အယ်ဒီတာ Nanak Mani Dixit က ပြောဆိုသွားသည်။
ယနေ့ချိန်အထိ အိမ်နီးချင်း တနိုင်ငံချင်းအလိုက်ပဲ ပြောဆိုနေလေ့ရှိပြီး ဘုံအသံ တခုတည်းမှာမူ အထွက်နည်းနေသေးကြောင်းလည်း ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလထုတ်တွင် မြန်မာပြည်အကြောင်း အထူးပြုကာ ထုတ်ဝေပြီး ဒေါ်အောင်ဆန်းစုကြည်၊ သတင်းစာဆရာ လယ်ရီယေဂင်၊ မောင်ဇာနည်၊ (ဒေါ်)ကြည်မေကောင်း၊ ခက်မာ တို့၏ စာမူများလည်း ဖော်ပြခဲ့သည်။
HIMAL Southasian ကို နီပေါနိုင်ငံရှိ Southasian Trust မှ ၁၉၈၉ ခုနှစ်မှ အကျိုးအမြတ် မယူဘဲ စတင်ထုတ်ဝေပြီး ၂၀၁၂ ခုနှစ်တွင် ခေတ္တရပ်နားထားခဲ့ရာမှ ယခု စာအုပ်ပုံစံပြောင်း၍ ပြန်လည် ထုတ်ဝေနိုင်ခြင်း ဖြစ်သည်။ ယခုထုတ်ဝေမှုတွင် “Are We Sure About India?” ခေါင်းစီးဖြင့် ထုတ်ဝေလိုက်သည်။