လယ်မြေသိမ်းမှု အစိုးရ အရေးမယူပါက ဆန္ဒထုတ်ဖော်ပွဲ လုပ်သင့်ဟု ကော်မရှင်အဖွဲ့ဝင် ပြော

လယ်မြေသိမ်းမှု အစိုးရ အရေးမယူပါက ဆန္ဒထုတ်ဖော်ပွဲ လုပ်သင့်ဟု ကော်မရှင်အဖွဲ့ဝင် ပြော
by -
မဇ္စျိမ

စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ သိမ်းယူထားသည့် မြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်သို့ တိုင်ကြားထားသော်လည်း အစိုးရအနေနှင့် အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါက ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်သင့်ကြောင်း စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။

စစ်အစိုးရလက်ထက် အမ်းမြို့နယ်တွင် စစ်တပ်သိမ်းမြေအများဆုံးဖြစ်သည်ဟု RNDP ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး(အမ်း)က ဇန္နဝါရီ၂၁ ညနေ ၆ နာရီတွင်တယ်လီဖုန်းမှတဆင့် မဇ္စျိမကိုပြောသည်။

စစ်အစိုးရလက်ထက် အမ်းမြို့နယ်တွင် စစ်တပ်သိမ်းမြေ အများဆုံးဖြစ်သည်ဟု ရခိုင် အမျိုးသား တိုးတက်ရေးပါတီ RNDP ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး(အမ်း)က ဇန္နဝါရီ ၂၁ ရက် ညနေ ၆ နာရီက တယ်လီဖုန်းမှတဆင့် မဇ္စျိမကိုပြောသည်။

မြေယာ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကလည်း “ကျနော်တို့ ကော်မရှင်ဆိုတာက အစိုးရက ဖွဲ့ပေးထားတာ မဟုတ်ဘူး။ ပြည်ထောင်စု လွှတ်တော်က ကိုယ့်ဖာသာကိုယ် ဖွဲ့ထားခြင်းသာ ဖြစ်တယ်။ ကော်မရှင် စုံစမ်းချက်တွေကို ပြည်ထောင်စု လွှတ်တော်ကတဆင့် အစိုးရကို ပေးပို့တဲ့အခါ သူတို့အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ စုံစမ်း အကြံပြုချက်အတိုင်း အသိအမှတ်ပြု ဆောင်ရွက်မယ်ဆိုရင် ဒီအမှုတွေဟာ မြန်မြန်ဆန်ဆန် ပြီးပြတ်သွား ပါလိမ့်မယ်။ တကယ်လို့ အဲဒီလို မလုပ်ပေးဘူး ဆိုရင် လယ်သမားတွေ အနေနဲ့အခြား ရွေးချယ်စရာလမ်း မရှိတော့ဘူး။ လယ်သမား အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်သွားဖို့ပဲရှိတယ်” ဟုဆို သည်။

လယ်သမားများ အနေဖြင့် နိုင်ငံရေးပါတီများကို ဆက်သွယ်ဆောင်ရွက်သည့် လမ်းကြောင်း တခုတည်းကိုသာ အားကိုးမနေဘဲ လယ်သမား ကောင်စီများ၊ လယ်သမား သမဂ္ဂများ ဖွဲ့စည်းကာ တနိုင်ငံလုံး အတိုင်းအတာနှင့် ဆန္ဒပြသင့်ကြောင်း၎င်းက ဆက်ပြောသည်။

ကော်မရှင်သို့ တိုင်တန်းသည့် အမှုများအား ၂၀၁၂ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် စစ်ဆေးခဲ့ရာ အမှု ၁၈ မှု စုံစမ်းစစ်ဆေးပြီးဖြစ်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။

“စက်တင်ဘာလ ပထမအကြိမ် စစ်ဆေးတုန်းက ၄ မှုပဲ ပြီးခဲ့တယ်။ အဲဒီအမှုတွေမှာ တပ်သိမ်းမြေ မပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေ သိမ်းထားတာ ဖြစ်တယ်။ ဒီဇင်ဘာလ ဒုတိယစစ်ဆေးတဲ့အမှု ၁၄ မှုကတော့ တပ်က သိမ်းထားတာ အများဆုံးဖြစ်တယ်” ဟု ဦးဖေသန်း က ပြောသည်။

ပထမအကြိမ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းပြားနှင့် မြေပုံတို့မှ အမှုများနှင့် ဒုတိယအကြိမ်တွင် ကျောက်ဖြူ၊ သံတွဲနှင့် ဂွ မြို့နယ်တို့မှ အမှုများ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အမှုများတွင် ကျောက်ဖြူမြို့ရှိ ဦးကျော်ငြိမ်းပိုင် လယ်မြေ (.၇၆ ဧက)အား သိမ်းဆည်းပြီး ဗိုလ်ချူပ်ကြီး ဝင်းမြင့်၏ သမီးအား မင်္ဂလာလက်ဖွဲ့ အမည်ပေါက် ပေးခြင်း၊ ဒေါ်ခင်ခင်ညွှန့်ပိုင် (.၂၈ ဧက)မြေအား ထောက်လှမ်းရေးရုံးဆောက်လုပ်ကာ သိမ်းယူထားမှု၊ ကျောက်ဖြူ အခြေစိုက် ခမရ ၅၄၂ မှ စေတီယျရွာမှ ဦးမောင်ဘရင်ပါ ၅ ဦးပိုင်မြေကို သိမ်းဆည်းထားမှုနှင့် တပ်မှ သိမ်းဆည်းထားသော အခြားမြေအမှုများ ပါဝင်သည်ဟု ကော်မရှင်က ဆိုသည်။

ရခိုင်ပြည်နယ်မှ စုံစမ်းရေးကော်မရှင်သို့ တိုင်ကြားသည့်အမှု ၁၀၀ ခန့် ရှိသည့်အနက် သုံးပုံနှစ်ပုံမှာ စစ်တပ်က သိမ်းဆည်းခဲ့သော မြေများဆိုင်ရာ တိုင်ကြားချက်များ ဖြစ်သည်။

အမ်းမြို့နယ်တွင်လည်း တပ်မှ သိမ်းဆည်းထားသော လယ်မြေဧက အများအပြား ရှိနေပြီး ကော်မရှင်သို့ တိုင်တန်းရန် ပြင်ဆင်ထားသည်ဟု သဗြုချိုင် ကျေးရွာအုပ်စုမှ မြေသိမ်းခံ လယ်သမား တဦးက ဆိုသည်။

“ကျနော်တို့ လယ်မြေတွေကို ၉၈ ခု နောက်ပိုင်း သိမ်းခံရတာပါ။ သိမ်းပြီး ၃ နှစ် ကြာတော့ ဆည် ၆ လုံးကို လယ်မြေအနေအထားကိုလိုက်ပြီး အခွန် ၁၂ သိန်းကနေ ၁၄ သိန်းအထိ နှစ်စဉ် ပေးဆောင်နေရတယ်။ အစဉ်အဆက် လက်ငုတ်လက်ရင်း လုပ်ကိုင်လာခဲ့တဲ့ ကျနော်တို့တွေဟာ လယ်ပိုင်ဘဝက လယ်ငှားဘဝကို ရောက်ခဲ့ရတယ်” ဟု ပြောသည်။

ကျောက်ဖြူနှင့် အမ်းမြို့နယ်မှ လယ်မြေအချုုိ့အား စစ်တပ်မှ သိမ်းယူမှုများ ရှိသလို ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းရာတွင် သိမ်းဆည်းမှုများလည်း ရှိနေသည်။

ကျောက်ဖြူမြို့နယ် ကြတ္တိန်ကျေးရွာအုပ်စုနှင့် ကပ်သပြေကျေးရွာအုပ်စုတို့မှ လယ်သမား ၁၀ ဦးပိုင် လယ်မြေ ၂၄.၆ ဧကအား ရေတပ်အငြိမ်းစား ဒုဗိုလ်မှူးကြီးဆန်းမောင်(ငြိမ်း)က ကြားဖြတ် မြေဂရန် ပြုလုပ်ကာ အိန္ဒိယ Punj Lloyd ကုမ္ပဏီနှင့် South East Asia Pipeline ကုမ္ပဏီသို့ ငှါးရမ်းခဲ့သည်။ အဆိုပါ ၂၉ လကြာ ကာလ ငှါးရမ်းခအတွက် ၂၀၅ သိန်းကျော်ကို ရယူသွားခဲ့သည်ဟုဆိုကာ လယ်သမားများက ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တိုင်တန်းထားကြသည်။

ပျားတဲကျေးရွာမှ မြေသိမ်းခံ လယ်သမား ဦးစံသာကျော် က “ကျနော်တို့မသိဘဲ ဘာမှမဆိုင်တဲ့သူက မြေကြီးကို ဂရန်ဖောက်တယ်။ ကျနော်တို့မြေကို ငှားရမ်းပြီး ငွေကြေးယူသွားတယ်။ ပိုင်ရှင်ဖြစ်တဲ့ ကျနော်တို့တွေက ဘာမှ မသိလိုက်ရဘူး။ နောက်ပြီးတော့ သူတို့ ငှားတဲ့အပိုင်း မပါတဲ့ ကျနော့်မြေမှာ အညစ်အကြေးစွန့်ကန်ကို အိန္ဒိယကုမ္ပဏီက တူးပြီးတော့ အညစ်အကြေးတွေကို ဖြစ်သလိုစွန့်တယ်။ ပတ်ဝန်းကျင် ထိခိုက်မှုအတွက်လည်း ဘယ်သူမှ တာဝန်မယူကြဘူး။ ဘယ်သူမှ အရေးယူ ဆောင်ရွက်တာ မရှိဘူး။ လုပ်ချင်သလို လုပ်နေတော့တာပဲဗျာ” ဟု ဆိုသည်။

အလားတူ  ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန် က “စစ်တပ်ကပဲဖြစ်ဖြစ်၊ စစ်တပ်အငြိမ်း စားပဲဖြစ်ဖြစ် ဒီလိုမျိုး လက်ငုတ်လက်ရင်း အစဉ်အဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်သမားတွေကို ဘေးဖယ်ပြီး မြေဂရန် ခံပေမယ့် ဥပဒေအရ လက်ငုတ်လက်ရင်း လုပ်ကိုင်သူနေတွေကိုပဲ အသိအမှတ်ပြုရမှာ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင် အစည်းအဝေးကို ဇန်နဝါရီလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ပြုလုပ်မည်ဖြစ်ပြီး စစ်ဆေးထားချက်များအား အစိုးရထံ တင်ပြသွားမည်ဟု ဦးဖေသန်း က ဆိုသည်။

အဆိုပါ စုံစမ်းရေးကော်မရှင်ကို အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆၀ ဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ ၉ ဖွဲ့ခွဲ၍ စစ်ဆေးစေခဲ့သည်။

လယ်ယာမြေ သိမ်းဆည်းခြင်းအပေါ် တည်ဆဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိမရှိ၊ စီမံကိန်း၏ မူလရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိမရှိ၊ သိမ်းဆည်းစဉ်က တောင်သူလယ်သမားနှင့် အပြန်အလှန် ပွင့်လင်းမြင်သာစွာ ညှိနှိုင်း ဆွေးနွေးမှု ရှိမရှိ၊ လျော်ကြေးငွေသည် ကာလတန်ဖိုးနှင့် ညီညွတ်မှု ရှိမရှိ ကော်မရှင်က စုံစမ်းစစ်ဆေးရန် ဖြစ်သည်။

၁၉၈၉ မှ ယနေ့အထိ ကိစ္စရပ်များကိုသာ စုံစမ်းဖော်ထုတ်ရန်၊ မြေယာ သိမ်းဆည်းမှုများတွင် စီမံကိန်း ပြီးပြတ်မှုမရှိဘဲ ဆက်လက် ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် မူလနိုင်ငံတော် စီမံကိန်း လုပ်ငန်းများတွင် အောင်မြင် ပြီးပြတ်ပြီးဖြစ်သည့် ကိစ္စရပ်များအတွက် စိစစ်ဆောင်ရွက်ခြင်း မပြုရန် သတ်မှတ်ထားကြောင်း သိိရသည်။

Most read this week