မြန်မာစစ်တပ် အချင်းချင်းမှားယွင်းပစ်ခတ် တပ်ကြပ်ကြီးတဦးသေဆုံး

မြန်မာစစ်တပ် အချင်းချင်းမှားယွင်းပစ်ခတ် တပ်ကြပ်ကြီးတဦးသေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း မြန်မာစစ်တပ်အချင်းချင်း ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး တဦးသေဆုံးခဲ့ရာ ဒေသခံ ရွာသား ရ ဦးအား ဖမ်းဆီးရိုက်ခဲ့သဖြင့် ယခုထိ ဆေးရုံတင်ထားရ ကြောင်း ဒေသခံသတင်းကဆိုသည်။

 မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိစာသင်ကျောင်း (ဓါတ်ပုံ- google +)

“အရင်အပတ်ထဲကဘဲ။ ခမရ ၅၀၂ တပ်ရင်းက စစ်ကြောင်း ၂ ကြောင်းခွဲပြီး တင်ကိုင် ရွာထဲဝင်တယ်။ သူတို့ ၂ ဖွဲ့အချင်းချင်း မှားပြီး ပြန်ပစ်ခတ်ကြတယ်။ ၃ ရစ်ဆရာတယောက်ကျတယ်။ သူတို့လူ ပြန်ထိလို့ ရွာသားတွေကိုအပစ်ရှာပြီး ရ ယောက် ဖမ်းဆီးရိုက်နက်တယ်။ ၂၄ နာရီကျော်ချုပ်ထားတယ်။ ကျားဖြူက လာပြောလို့ ပြန်လွှတ်ပေးတာ။ ဒဏ်ရာပြင်း ထန်တဲ့သူ အခုထိ ကျောက်မဲဆေးရုံမှာဘဲ” ဟု ကျောက်မဲရောက် မိုင်းငေါ့မြို့ ဒေသခံတဦးက ပြောသည်။

ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက မိုင်းငေါ့မြို့မှ အနောက်ဘက် ၈ မိုင်ခန့်ဝေးသော တင်ကိုင်ရွာ၌ လယ်တောမှပြန် လာသော ရွာသားအား မြန်မာစစ်တပ် ခမရ ၅၀၂ စစ်ကြောင်းက တားဆီးပစ်ခတ်ခဲ့ရာ  ရွာပြင်၌စောင့် နေသည့် အဆိုပါစစ်ကြောင်းမှ တပ်သားတချို့က ရွာတွင်း၌ တိုက်ပွဲဖြစ်နေပြီဟု ထင်မှတ်၍ ရွာထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး တဦး ကျဆုံး သွားသည့်အပေါ် ရွာသားများ ကြောင့်ဖြစ်ရသည်ဟု စွပ်စွဲပြီး ရွာသား ရ ယောက်ကို ဖမ်းဆီးချုပ်နှောင် ထားခဲ့ကြောင်းနှင့် ကျားဖြူပါတီ အကြီးအကဲ အာမခံံမှုကြောင့် ပြန်လွှတ်ပေးခဲ့သော်လည်း ယခုဆေးရုံ၌ ကုသမှုခံယူနေရကြောင်း ကျောက်မဲဒေသခံ ကပြောသည်။

“ရွာသား ရ ယောက်ကို စစ်ကြောင်းက ဖမ်းဆီးချုပ်နှောင်တာလေ။ ရိုက်ထားတဲ့ဒဏ်ရာတွေ လဲမနည်းဘူး။ ကျောက်မဲ က ကျားဖြူ ဒုဉက္ကဌ စိုင်းဆောင်ဆီ၊ အမတ်စိုင်းခမ်းကျော်၊ အမတ် စိုင်းသန်းမောင်တို့ဆီကို သတင်းက ရောက်သွားတယ်။ စိုင်းခမ်းကျော်က သွားပြီးအာမခံပေးမှ ပြန်လွှတ်ပေးတာ။ ဒါပေမယ့် ရ ယောက်စလုံးအခု ကျောက်မဲ ဆေးရုံမှာ မနေ့ကအထိတော့ မဆင်းရသေးဘူး။ ရွာသားတွေကို ကိုယ်ထိလက်ရောက် ဖမ်းဆီးရိုက်နှက်တဲ့အတွက် စိုင်းခမ်းကျော်ကနေ တရားစွဲမယ် အမှုဖွင့်မယ်ပြောတယ်။ အခုအဲဒီစစ်ကြောင်းမှူးနဲ့ တပ်ရင်းမှူးက ကျားဖြူအမတ်ကိုပြန်လာပြီး တောင်းပန်ထားတယ်” ဟု ကျားဖြူပါတီဝင်တဦးက ပြောသည်။

ယမန်နှစ် နိုဝင်ဘာလကလည်း မိုင်းငေါမြို့နယ်ခွဲအတွင်းသို့ အမည်မသိလက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့မှာ ရဲတပ်ဖွဲ့၏ မကြာခဏ ဖမ်းဆီးခြင်းကို ခံကြရသည်။

Most read this week