အင်္ဂလန်၊ ကိုရီးယားနှင့် ထိုင်း အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံ၌ စက်ရုံ တည်ထောင်ရန် ကမ်းလှမ်း

အင်္ဂလန်၊ ကိုရီးယားနှင့် ထိုင်း အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံ၌ စက်ရုံ တည်ထောင်ရန် ကမ်းလှမ်း
by -
မဇ္စျိမ

အင်္ဂလန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ အထည်ချုပ် လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ အထည်ချုပ်စက်ရုံ တည်ထောင်ရန် ကမ်းလှမ်းမှုများရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

''ဒီ နှစ်ဆန်းပိုင်းထဲမှာ အထည်ချုပ်လုပ်ငန်း မြန်မာနိုင်ငံမှာ တည်ထောင်ဖို့ စိတ်ဝင်စားတယ်လို့ အင်္ဂလန်၊ ထိုင်းနဲ့ ကိုရီးယားကလုပ်ငန်းရှင်တွေ ကမ်းလှမ်းတာတွေရှိပါတယ်။ အဲဒီလို ကမ်းလှမ်းတဲ့အခါမှာ သယ်ယူပို့ဆောင်ရေးအတွက် ဆိပ်ကမ်းအနီးနဲ့ လုပ်သားအင်အား အလွယ်တကူ ရနိုင်မယ့်နေရာတွေမှာ စက်ရုံ တည်ဆောက်လိုတယ်လို့လည်း သူတို့ဘက်က တင်ပြကြပါတယ်'' ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် စက်ရုံများရှိ သကဲ့သို့ ပြည်ပနှင့် ဖက်စပ်လုပ်ကိုင်သည့် စက်ရုံများလည်းရှိရာ အများစုမှာကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ လုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်သော စက်ရုံများ ဖြစ်သည်။

''မြေ သုံးဧက တစ်ဆက်တည်းရှိတဲ့ နေရာတွေမှာ စက်ရုံဆောက်ဖို့ အဆင်ပြေမယ်ဆိုရင် သူတို့ဘက်က လာရင်းနှီးမြှုပ်နှံမယ်လို့ ကမ်းလှမ်းကြတယ်။ ကျွန်တော်တို့ ဘက်ကတော့ ဘာမှအကြောင်းမပြန်ရသေးပါဘူး'' ဟု ၎င်းက ဆိုသည်။

၂ဝ၁၂ ခုနှစ်အတွင်း ပြည်တွင်း အထည်ချုပ် လုပ်ငန်းသို့ နိုင်ငံခြားမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီပေါင်း ရှစ်ခုရှိပြီး မြန်မာနိုင်ငံ ပြည်တွင်းစက်ရုံများမှ ထွက်ရှိသည့် ချုပ်ထည်များကို ဂျပန်နှင့် ကိုရီးယားနိုင်ငံသို့ အများဆုံး တင်ပို့ပေးနေရပြီး အနောက်နိုင်ငံဖြစ်သည့် ဥရောပနှင့် အမေရိကန်နိုင်ငံသို့ပါ စျေးကွက်ထိုးဖောက် နိုင် ရန် အထည်ချုပ် လုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့တွင် အထည်ချုပ် စက်ရုံအများဆုံးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထည်ချုပ် စက်ရုံပေါင်း ၂ဝဝ ခန့် ရှိသည်ဟု ၎င်းကဆိုသည်။

Most read this week