ပညာရေးထိခိုက်မှုမရှိစေရန် လုံခြုံရေးစိုးရိမ်မှုကြားက လိုင်ဇာကျောင်းပြန်ဖွင့်

ပညာရေးထိခိုက်မှုမရှိစေရန် လုံခြုံရေးစိုးရိမ်မှုကြားက လိုင်ဇာကျောင်းပြန်ဖွင့်
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ကျောင်းသူ/သားများ ပညာရေးနောက်မကျစေရန် ယနေ့မှစ၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်သည်။

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက်စိုးရိမ်ရသော်လည်း ကလေးများ၏ ပညာရေးထိခိုက်လာမည်ကို စိုးရိမ်သောကြောင့် လုံခြုံမှုမရှိသည့်ကြားကဖွင့်လိုက်ခြင်းဖြစ်သည်ဟု KIO ပညာရေးဌာနမှ လက်ထောက်ပညာရေးမှူး ဆရာကြီး ခွန်နောင်က ပြောသည်။

KIO/KIA ဌာနချုပ် လိုင်ဇာ အနီးမှ ဒုက္ခသည်စခန်းတခု။

“ဒီနေ့ကစပြီး ဖွင့်လိုက်တာဟုတ်တယ်။ သတိထားရင်းနဲ့ ဖွင့်သွားရအောင်ဆိုပြီး ဖွင့်လိုက်တာပါ။ အခုတော့ စိုးရိမ်စရာမရှိပါဘူး။ သတိတော့ ထားနေရတာပေါ့။ အစိုးရတွေကိုလည်း မယုံရဘူးလေ။ ပြောတာနဲ့လုပ်တာ တခြားစီလေ။ အခုတလောလည်း ၁၉ ရက်နေ့မနက်မှာ ရပ်မယ်လို့ပြောတယ် ဒါပေမဲ့ မရပ်ဘူး။ အခုလည်း ပစ်နေကြသေးတယ်” ဟုဆရာကြီးခွန်နောင်ကပြောသည်။

KIO ထိန်းချုပ်နယ်မြေလိုင်ဇာမြို့ရှိ စာသင်ကျောင်းများကို ဒီဇင်ဘာလ ၂၄ ရက်မှ ပိတ်ထားခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျောင်းပြန်ဖွင့်ချိန်ဖြစ်သော်လည်း အစိုးရနှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား လာပြီး လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးကျ၍ သေဆုံးမှုများဖြစ်ပေါ်ခဲ့သောကြောင့် ဆက်လက်ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း အလယ်တန်းပြ ဆရာမ လုတောင်ကပြောသည်။

“လိုင်ဇာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်လို့ ရွာထဲမှာလည်း အမြောက်ကျည်ဆံတွေ ကျလာတယ်။ အဲဒါကြောင့် ကလေးတွေရှိတဲ့ ကျောင်းထဲမှာရော ကျလာမှာစိုးလို့၊  ကလေးတွေကို ထိမှာစိုးလို့ ပိတ်ထားတာဟုတ်တယ်။ အခုတော့ အရင်ကလို သေနတ်သံတွေ သိမ်မကြားရတော့ဘူး။ ပစ်တော့ပစ်နေကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကိုယုံတယ်လေ” ဟု ဆရာမ လုတောင်ကပြောသည်။

ကျောင်းများဖွင့်လှစ်သည်နှင့်အလျောက် ကျောင်းသူ၊ ကျောင်းသားများအတွက် စာသင်ခန်းနှင့် ကျောင်းသုံးပစ္စည်းများ လိုအပ်နေကြောင်း လိုင်ဇာအထက်တန်း ကျောင်းအုပ်ဖြစ်သော ဆရာမကြီး ဒေါ် ဂျာမိုင်ကပြောသည်။

“လူကများတော့ ထိုင်ခုံတွေမလောက်ဘူး။ အခန်းလည်း မလောက်လို့ ပြောမယ်ဆိုရင် စာကြည့်တိုက်လုပ်တဲ့ အခန်းတွေကို စာသင်ခန်း ပြန်လုပ်လိုက်တာတွေရှိတယ်။ ပြီးတော့ ရေးစာအုပ်တွေ၊ ဘောပင်၊ ခဲတံတွေ အရမ်းလိုတယ်။ အထက်တန်း ကလေးတွေဆိုရင် ပေါင်းရေးလို့မရပေမဲ့ တစ်အုပ်ထဲမှာပဲ ပေါင်းရေးတာမျိုးရှိ တယ်။ အဲလိုမရေးနဲ့လို့ပြောလို့လဲမရဘူးလေနော်။ ခက်နေတယ်ဆိုတော့။ ပြီးတော့ ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်ကလေးတွေဆိုရင် နဂိုနယ်ခံကလေးတွေနဲ့မတူဘူး။ သူတို့ရဲ့ စိတ်တွေ အတွေးတွေမတူဘူး။ သူတို့ကိုကြည့်ရတာ စိတ်နည်းနည်းထိသလိုလိုဖြစ်နေတယ်။ စိတ်အားနည်းနေသလိုလိုနဲ့ စာကိုလည်း ကောင်းကောင်းလက်မခံဘူး။ အဲလိုဖြစ်လို့ ကျမတို့့သင်ကြားတဲ့ အခါမှာလဲ အရမ်းဂရုစိုက်ပြီးသင်ကြား ပေးရတယ်” ဟု ဆရာမကြီး ဂျာမိုင်ကပြောသည်။

လိုင်ဇာမြို့ပေါ်တွင် အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၂ ကျောင်းရှိပြီး နေရာ ၄ ခုတွင် ဖွင့်လှစ်ထားပြီး ကျောင်းသူ/သား စုစုပေါင်း ၂၅၀၀ ကျော်ရှိ၍ ဆရာ/မ ၁၀၀ ခန့်ဖြင့် သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်းသူ/သားများကို အထက်တန်းပိုင်းအား နဂိုဖွင့်လှစ်ထားသော ကျောင်းတွင်စုပေါင်းသင်ကြားပေးနေပြီး မူလတန်းပိုင်းကို သီးခြားကျောင်းဆောင်ဖွင့်၍ သင်ကြားပေးနေကြောင်း သိရသည်။

ယခုချိန် ၁၀ တန်းကျောင်းသူ/သားများသည် ဂျေယန့်ဒုက္ခသည်စခန်းတွင် သွားရောက်သင်ကြားနေပြီး အခြေအနေကောင်းလာပါက လိုင်ဇာသို့ ပြန်လည်ပြောင်းရွှေ့လာမည်ဖြစ်ကြောင်း ဆရာမကြီး ဒေါ်ဂျာမိုင် ကပြောသည်။

စာသင်ကျောင်းများကို ဖွင့်လှစ်ထားသော်လည်း တဖက်တွင် အစိုးရတပ်၏လက်နက်ကြီးများကျရောက်မည်ကို ဒုက္ခသည်များ စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

အစိုးရစစ်တပ်မှ လိုင်ဇာမြို့ပေါ်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့စဉ် ယခုလ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လက်နက်ကြီး ကျ ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ သုံးဦးသေဆုံးမှုအထဲ ၁ ဦးသည်  ၉ တန်းကျောင်းသားဖြစ်သည်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လဂျားယန်ဒေသသို့ ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းမည်ဟု ဇန်နဝါရီ ၁၉ ရက်နေ့တွင် အစိုးရမှ ကြေငြာခဲ့သောကြောင့် ထိုဒေသတဝိုက် အပစ်အခတ်ရပ်သွားမည်ဟု မျှော်လင့်နေသော်လည်း ခဏအကြာတွင်  လဂျားယန်ဒေသအနီးတဝိုက် တိုက်ခိုက်သံများဆက်လက်ကြား နေရကြောင်း ဆရာကြီး ခွန်နောင်က ပြောသည်။

Most read this week