အစိုးရထိုးစစ်ကြောင့် ဖားကန့် ဒေသရှိ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်လာ

အစိုးရထိုးစစ်ကြောင့် ဖားကန့် ဒေသရှိ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်လာ
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၆) အခြေစိုက်ရာ ဖားကန့်မြို့နယ်အတွင်းရှိ ဂင်ဆီဆိုင်းရာအနီးသို့ အစိုးရတပ်ဖွဲ့ဝင် စစ်ကြောင်းများဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ရွာသား ၃၀၀၀ ကျော် ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

လုံးခင်းနဲ့ KIA တပ်ရင်း ၆ Ginsi ကို ဆက်သွယ်ပေးသော ဥရုချေင်းတံတား၊ ဖားကန့်မြို့နယ်။

ယင်းဒေသသို့ အစိုးရစစ်တပ်က စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင်လာသောကြောင့် ရွာပေါင်း ၁၀ ရွာမှ ဒေသခံများ ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ ဇန်နဝါရီလ ၁၉ နှင့် ၂၀ ရက်နေ့များက အသီးသီးထွက် ပြေး တိမ်းရှောင်လာခြင်းဖြစ်ကြောင်း ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောသည်။

“ညမှာ ကားတွေ ဆိုင်ကယ်တွေ သုံးဘီးကားတွေ ထော်လာဂျီတွေနဲ့ ပြေးလာကြတယ်။ ဂင်ဆီဆိုင်းရွာထဲ လူနေအိမ်မှာတော့ ဘယ်သူမှမရှိတော့ဘူး။ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာတော့ ၄၀၀ ကျော်ရှိ သေးတယ်။ ကျွန်တော်တို့ အခုရောက်လာတဲ့ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းတွေနဲ့ ကလေးတွေ အတွက် ကျောင်းကိစ္စတွေစီစဉ်ပေးနေတယ်။” ဟု ဖားကန့် ခရစ်ယာန် စစ်ရှောင်များ စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ ဆရာတစ်ဦးက ပြောသည်။

ဖားကန့်မြို့ကျောက်စိမ်းတူးဖော်သည့်နယ်မြေ ဂင်ဆီဆိုင်ရာ ကျေးရွာများဖြစ်သော ဂင်ဆီခေါ၊ အောင်ဘာလီ၊ ဂင်ဆီကျေးရွာ၊ ယုန်းချို၊ မှော်ရှန်၊ မှော်ဘုန်၊ မန်ထန်ယန်၊ မဇွပ်ယန်၊ ဆိုင်းရာသစ်၊ ကထန်မှော် များမှထွက်ပြေး လာကြောင်းသိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များသည် လုံးခင်း၊ ကက်သလစ်ဘုရားကျောင်း၊ ဓမ္မာရုံ၊ မော်ဆီဇာနှစ်ခြင်းခရစ်ယာန်၊ ဘုန်းကြီးကျောင်း၊ ဖားကန့်နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် ဆိုင်းတောင် နှစ်ခြင်းခရစ်ယာန် ကျောင်းများတွင် ခိုလှုံနေကြောင်း ဒုက္ခသည်များကို ကူညီပေးသူများပြောသည်။

ဒုက္ခသည်များတွင် ကျမ်းမာရေးအားနည်း၍ ဖျားနာမှုများရှိနေပြီး အော့အန်ခြင်း၊ ဝမ်းပျက်၊ဝမ်းလျှောရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

မြန်မာအစိုးရတပ်က အင်အားများတိုးချဲ့၍ လက်နက်ကြီးများဖြင့် ဂင်ဆီဆိုင်းရာကျေးရွာများသို့ ပစ်ခတ် လာခြင်းကြောင့် ၎င်းဒေသတွင် ကျောက်စိမ်းတူးဖော်နေသည့် မှော်များမှ လုပ်သားများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာဒေသခံများအားလုံး ထွက်ပြေးလာခြင်းဖြစ်ကြောင်းသိရသည်။

အစိုးရတပ်ဘက်မှ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်လိုင်ဇာသို့ ကြည်းတပ်၊ လေတပ်၊ အမြှောက်တပ်များဖြင့် အဆက်မပြတ် ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့သဖြင့် KIA ခြေကုတ်စခန်းတချို့ နောက်ဆုတ် ပေးလိုက်ရချိန် ယခု ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသကိုလည်း ဆက်လက်၍ စစ်မျက်နှာဖွင့်လာခြင်းဖြစ် ကြောင်း သိရသည်။

Most read this week