အစိုးရလုပ်ရပ် တိုင်းရင်းသားများ၏ ယုံကြည်မှုကို ပျက်ပြားစေဟု UNA ခေါင်းဆောင်များပြော

အစိုးရလုပ်ရပ် တိုင်းရင်းသားများ၏ ယုံကြည်မှုကို ပျက်ပြားစေဟု UNA ခေါင်းဆောင်များပြော
by -
နိရဥ္စရာ

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်အပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းနေမှုသည် တိုင်းရင်းသား များ၏ ယုံကြည် မှုကို ပျက်ပြားစေသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ United Nationalities Alliance (UNA) က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ Centre Hotel တွင် ဇန္နဝါရီလ ၂၀ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် ဂျပန်ဒီမိုကရက်တစ် ပါတီ အောက်လွှတ်တော်အမတ် Mr Masaharu Nakagawa (Acting Secretary General of the DPJ and Mr Michihiro Ishibashi DPJ) တို့ တွေ့ဆုံစဉ် ပြောကြား လိုက်ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ရန် တိုင်းရင်း သားများနှင့် အစိုးရအကြား ဂျပန် အနေဖြင့်  ၀ိုင်းဝန်း ပါ၀င်ကူညီရန် သဘောထားများကို ဂျပန် အောက် လွှတ်တော် အမတ်က ပြောဆိုခဲ့ဟု သိရသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ၏ သဘောထားတုန့်ပြန်ပြောဆိုချက်နှင့် ပတ်သက်ပြီး ဆွေး နွေးပွဲတွင် ကိုယ်တိုင်တက်ရောက်ခဲ့သူ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က နိရဥ္စရာသို့ ယခုလို ပြောသည်။

“ဒီနေ့ ပြည်တွင်းစစ် ရပ်စဲဖို့ ကိစ္စမှာ ပြည်တွင်းစစ်ကို တိုင်းရင်းသားတွေက အမြန်ဆုံးရပ်စဲချင်ပေမယ့် အခု အစိုးရက လုပ် နေတဲ့ ပုံစံတွေဟာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေတဲ့ အကြောင်းကို ပြောပြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကရင်အပါအဝင် တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်း သဘောတူညီချက်တွေ ရယူ ထားပေမယ့် KIO နဲ့ အခုအချိန်ထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေ တယ်။ လေယာဉ်တောင်မှ ဂျက်လေယာဉ်တွေနဲ့ တိုက်နေတဲ့ တိုက်ပွဲအတွက် ကျွန်တော် တို့စိုးရိမ်တဲ့ အကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့အတွက် ဂျပန်နိုင်ငံအပါအဝင် အမေရိကတို့က ၀င်ပြီးတော့ အစိုးရကို တတ်နိုင်သလောက် ဆောင်ရွက်ပေးဖို့အကြောင်း၊ တကယ်လို့ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါ မှာလဲ ကြားနိုင်ငံ ကြားအဖွဲ့အစည်းတွေ လိုအပ်တဲ့အကြောင်းတွေကို ဆွေးနွေးကြပါတယ်။”

ဂျပန်အစိုးရအနေဖြင့် ပြည်ပ တိုင်းရင်းသားအဖွဲ့အစည်းများကို ကူညီသကဲ့သို့ ပြည်တွင်း တိုင်းရင်းသား ပါတီအဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဂျပန် အမတ်ကပြောကြားခဲ့ သည်ဟု ဦးအေးသာအောင်က ပြောသည်။

“ဂျပန်နိုင်ငံအနေနဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေကိုလဲ ဆက်သွယ်ပြီးတော့ ပြည်ပမှာရှိတဲ့ UNFC  ကိုလဲ ဆက်သွယ်တယ်။  အကူအညီတွေ ပေးတယ်။ အဲဒီလိုဘဲ ပြည်တွင်းထဲမှာ ရှိတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ ဆက်သွယ်ပြီးတော့ နှီးနှော ဖလှယ်တာတွေ၊ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်ဖို့ ကိစ္စတွေမှာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စတွေကို ဂျပန်က ပြောပါတယ်။”

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA နှင့် ဂျပန်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။

ဆွေးနွေးပွဲကို တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဥက္ကဌ ဦးအေးသာအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး အပါအဝင် တခြား ကချင်၊ ကရင်၊ မွန်၊ ချင်း စသော တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု သိရသည်။

Democratic Party of Japan (DPJ) လွှတ်တော် အမတ် Mr. Nakagawa သည် ဂျပန်ရောက် မြန်မာတိုင်း ရင်းသားများ နှင့်လည်း ရင်းနှီးချစ်ခင်စွာ မြန်မာ့အရေးများကို ပူးပေါင်း ဆောင်ရွက်နေသူ ဖြစ်သည်ဟု သိရသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) ကို ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိသော စစ်မှန်သည့် ပြည်ထောင်စု ဖြစ်ထွန်းလာရေးကို လုပ် ဆောင်သွားရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသား ဒီမိုကရေစီပါတီနှင့် ကရင်အမျိုးသား ဒီမိုကရေစီပါတီတို့ပါဝင်သည်ဟု သိရသည်။

Most read this week