လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မဈေးကြီး မီလောင်မှုတွင်လုံခြုံရေးတာဝန်ရှိ သူဈေးခေါင်း ဦးစိုးသိန်းအား လွန်ခဲ့သောစနေနေ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သံဖြူဇရပ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
သံဖြူဇရပ်ရဲစခန်း အရာရှိတစ်ဦးက “အဲဒီဈေးလုံခြုံရေးတွေကို စစ်ဆေးမေးမြန်းချက်အရ ဈေးကြီးရဲ့လုံခြုံရေး မီးက စဖြစ်တယ်လို့ပြောကြတယ်၊ ဒါကြောင့် ဒီဈေးလုံခြုံရေးမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဈေးခေါင်းကို ဖမ်းဆီးရတာဖြစ်တယ်” ဟု ပြောသည်။
သံဖြူဇရပ်မြို့၊ တရားသူကြီးထံမှ ရဲစခန်းက ရမန်နှစ်ပတ်ယူ၍ ဈေးခေါင်းဦးစိုးသိန်းအား ဖမ်းဆီးထိန်းသိမ်း ထားပြီး အချို့ညစောင့်များမှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု မြို့ခံများက ပြောကြသည်။
သံဖြူဇရပ်မြို့မဈေးကြီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့ညသန်းခေါင်ယံမှ ၁၉ ရက်နေ့နံနက်ကူးချိန်တွင် မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ ပြာပုံအတိသာကျန်ရှိခဲ့ပြီး ဒေသခံ မွန်တိုင်းရင်းသားတို့၏ ရင်းနှီးငွေကျပ်သိန်းပေါင်း သန်းနှင့်ချီ၍ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။
မီးလောင်ခဲ့သော မိမိဆိုင်ခန်းများနေရာတွင် ကျန်ရှိသောအကြွင်းအကျန် ပစ္စည်းများရှာဖွေနိုင်ရေးအတွက် သက်ဆိုင်ရာက ယနေ့တွင်ဈေးဝင်းထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
ဆိုင်ခန်းပိုင်ရှင်တစ်ဦးက “ကျနော်ဆိုင်ခန်းမြေသားကို ရောင်းလိုက်တာ ငွေကျပ် ၃ သောင်းရတယ်၊ ဂျပန်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကတော့ မြေသားတွေရောင်းလိုက်တာ ၁၅ သိန်းရတယ်လို့ ပြောတယ်၊ သူတို့မှာ သံထည်ကြေးထည်ပစ္စည်းများတယ်” ဟု ပြောသည်။
ယင်းသို့ ပစ္စည်းအကျွင်းအကျန်များကို ကောက်ယူခွင့်ပြုခဲ့ရာ ဈေးဝင်းအတွင်းတွင် ကာဗိုက်တုံးများ ဈေးတစ်ဝင်းလုုံး စီတန်းချထားခဲ့သည့်အထောက်အထားများနှင့် မသင်္ကာဖွယ်ရာမီးလောင်စေနိုင်သည့် ပစ္စည်းများတွေ့ရှိခဲ့ရသည်ဟု ဆိုင်ခန်းရှင်များပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့်စနေ နေ့လည်ပိုင်းက မြို့မဈေးကြီးမီးလောင်ပြင်သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ယာယီဈေးသစ်တစ်ခုအမြန်တည်ဆောက်နိုင်ရန် ဈေးကော်မတီတစ်ရပ်ဖွဲ့ စည်းပေခဲ့သည်။
၁၉၈၄ ဝန်းကျင်ကတည်ဆောက်ခဲ့သည့် သံဖြူဇရပ်မြို့မဈေးကြီးသည် လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်လိပ် ၂၁၅ ဆိုင်နှင့် အခြားပစ္စည်းအမျိုးစုံရောင်းချသော ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါခန့် ဆုံးရှုံးသွားခဲ့ည်။
ယင်းမီးလောင်မှုကို ဝါယာရှော့ကြောင့်ဟု အာဏာပိုင်များ ယူဆပြောဆိုနေကြသော်လည်းသံဖြူဇရပ်မြို့နယ် လျှပ်စစ်ရုံးက လက်မခံငြင်းပယ်ထားကြောင်း သိရသည်။