ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် အစသတ်နိုင်မည်ဟု တရုတ်
အမျိုးသားရေနံကုမ္ပဏီ (CNPC)က ပြောဆိုလိုက်သည်။
အဟန့်အတား ကြီးကြီးမားမား မရှိပါက အဆိုပါ ပိုက်လိုင်း လုပ်ငန်းများလည်ပတ်မှုကို ဇွန်လတွင် စတင်နိုင် လိမ့်မည် ဟု CNPC ၏ ပိုက်လိုင်း ပရောဂျက် ဦးဆောင်သူ Gao Jianguo အား ကိုးကား၍ တရုတ်နိုင်ငံ၊ ဆင်ဟွာ သတင်းတရပ်တွင် ရေးသားထားသည်။
ကီလိုမီတာ ၁,၁၀၀ (၆၈၃.၅ မိုင်)ရှည်လျားသော ပိုက်လိုင်း၏ မြန်မာပြည်တွင်း အဓိက အပိုင်းများမှာ ပြီးသလောက်ရှိနေကာ တရုတ်ပြည်တွင်း တည်ဆောက်မှုကို ဇန်နဝါရီလတွင်း အပြီးသတ်မည် ဖြစ်သည်။
ဖိအား စမ်းသတ်မှုများနှင့် ခြောက်သွေ့ခြင်း လုပ်ငန်းစဉ်များကို ဖေဖေါ်ဝါရီလတွင် လုပ်ဆောင်မည်ဟု မစ္စတာ ဂေါင် က ဆိုသည်။
အရှေ့အလယ်ပိုင်း ဒေသမှ ရေနံစိမ်းများကို ဘေးအန္တရာယ် ထူပြောလေ့ရှိသည့် မလက္ကာ ရေလက်ကြားမှ သယ်ယူ မည့်အစား အိန္ဒိယသမုဒ္ဒရာမှ သင်္ဘောဖြင့် သယ်ယူ၍ ကျောက်ဖြူမှတဆင့် ထိုပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ သယ်ဆောင်မည် ဆိုသည်။
တနှစ်လျှင် ရေနံတန်ချိန် ၂၂ သန်း သယ်ဆောင်ကာ သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်းပေါင်း ၁၂,၀၀၀ သယ် ဆောင်ပေးမည့် ပိုက်လိုင်းများကို ၂၀၁၀ ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅,၀၀၀ ကုန်ကျသည်။
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းတွင် တန်ချိန် ၃ဝဝ,ဝဝဝ ဆံ့ တရုတ် ရေနံတင် သင်္ဘောကြီး များ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။
ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံသို့ ၂ဝ၁၃ ခုမှစ၍ နှစ်ပေါင်း ၃ဝ ခန့် ရောင်းချရာမှ မြန်မာအစိုးရ သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉,၀၀၀ ရရှိမည်ဟု ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုပိုက်လိုင်း ဖောက်လုပ်မှုမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မြေသိမ်းမှုများနှင့် အန္တရာယ်များကြောင့် ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်မှုများလည်း ကြံုနေရဆဲဖြစ်ပြီး ပိုက်လိုင်း လုံခြံုရေးလည်း အာမခံချက်မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောဆိုထားသည်။