အစိုးရ ထုတ်ပြန်ချက်မှာ တဖက်သတ် ဝါဒဖြန့်ခြင်းသာဖြစ်ဟု UNFC ဝေဖန်

အစိုးရ ထုတ်ပြန်ချက်မှာ တဖက်သတ် ဝါဒဖြန့်ခြင်းသာဖြစ်ဟု UNFC ဝေဖန်
by -
မဇ္စျိမ

ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့/ တပ်မတော် (KIO/KIA) နှင့် ပတ်သက်သည့် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်သည် တဖက်သတ် ဝါဒဖြန့်ချိရေး လုပ်ရပ်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

“အစိုးရတပ်တွေက လူ့အခွင့်အရေး အကြီးအကျယ် ဖောက်တယ်။ အဲဒါတွေက တလုံးမှ မပြောဘူး။ KIO/KIA တပ်တွေက တံတားချိုးတာ၊ လမ်းဖျက်တာ၊ လုယက်တာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာ အဲဒီကို လျှောက်ပြောတာကိုး။ ဒါတွေက လူထုတွေ မုန်းတီးအောင် မျက်စိလည်အောင် လုပ်တာပဲ။ အဲဒါက တဖက်ကို အပြစ်တင်ပြီးတော့ သူတို့တိုက်တာက မှန်တယ်ဆိုတာ ထောက်ပြချင်တာ။ ဒါတွေဟာ နာဇီဝါဒပဲ” ဟု UNFC ဒု-ဥက္ကဋ္ဌ၊ လူထုဆက်ဆံရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် စောဒေးဗစ် သာကပေါ က မဇ္စျိမကို ပြောသည်။

အစိုးရ၏ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည့် “မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက်ထိုးစစ်ဆင်ခြင်း တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲဖျက်ဆီးမှု ၁၂၂ ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်နှောင့်ယှက် ပစ်ခတ်ခြင်း ၆၄ ကြိမ်၊ အရပ်သားများ မိုင်း နင်းမိခြင်း ၃၀ ကြိမ်၊ လုယက်ဖျက်ဆီးခြင်း ၆၀ ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မ ဖမ်းဆီးခြင်း ၂၈ ကြိမ် ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း ၁၀၉၅ ကြိမ် ဖြစ်ပွားခဲ့ကာ အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်” ဟူသည်ကို UNFC က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်ပွဲများ ဖြစ်ပွားလာပါက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာဖြစ်သည်ဟု စောဒေးဗစ် သာကပေါ က ဆိုသည်။

ထို့အတူ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ကလည်း အဆိုပါ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ရပ် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

“ဒီထုတ်ပြန်ချက်ဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုတဲ့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆက်စပ်ပြီးတော့ လွှမ်းခြုံနိုင်တဲ့၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့ သဘောထားမျိုးလို့ ကျနော်တို့ လက်ခံလို့ မရဘူး။ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ report တွေ၊ ဖြစ်စဉ်လောက်ကိုပဲ ထုတ်ပြန်တဲ့ သဘောထားလို့ ကျနော်တို့ သုံးသပ်တယ်” ဟု NCUB တွဲဖက် အတွင်းရေးမှူး ဦးမြင့်သိန်း က ဆိုသည်။

သတင်းထုတ်ပြန်ချက်သည် ကချင်ဒေသ တခုလုံးကို အပစ်အခတ် ရပ်စဲခြင်း မဟုတ်ဘဲ လဂျားယန်ဒေသ တခုကိုသာ အပစ်ရပ်သဘော သက်ရောက်ကြောင်းလည်း UNFC နှင့် NCUB တို့က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ လဂျားယန် ဒေသသာမက ကချင်ဒေသတခုလုံး စစ်ဆင်ရေးများ လျှော့ချရန် လိုလားကာ အစိုးရကြေညာချက်မှ အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားပြီး အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ဆွေးနွေးပွဲများကိုမူ KIO နှင့် ဆွေးနွေးမည့်အစား UNFC နှင့်သာဆွေးနွေးသင့်ကြောင်း ကြေညာထားသည်။

လက်ရှိအစိုးရ၏ လုပ်ရပ်မှာ လွန်ခဲ့သည့် ၁၈ နှစ်ခန့်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား အထီးကျန်
အောင် လုပ်ဆောင်သကဲ့သို့ KIO/KIA အား လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု UNFC က ထောက်ပြပြောဆိုသည်။

“အဲဒီတုန်း (၁၉၉၄ ခုနှစ်ဝန်းကျင်) က မြောက်ပိုင်း တောက်လျှောက်ပေါ့ဗျာ။ KIO တို့၊ ကရင်နီ တို့ကလည်း လွယ်လွယ်နဲ့ လက်မှတ်ထိုးသွားတယ်။ နောက်ဆုံး (၁၉၉၅ ခုနှစ်)မှာ မွန် (NMSP) လည်း လက်မှတ်ထိုးလိုက် တယ်။ KNU တဖွဲ့ပဲ ကျန်ခဲ့တယ်လေ။ KNU ကို အထီးကျန်အောင် အစိုးရက လုပ်ခဲ့တယ်။ အခုလည်း ဒီဘက်မှာ လွယ်လွယ်နဲ့ လက်မှတ်ထိုးလိုက်ကြတာပဲ။ စီးပွားရေးတွေ ဘာညာ မက်လုံးပေးပြီး လက်မှတ်ထိုးကြတာ ပေါ့ဗျာ။ ကချင်ကျတော့ အထီးကျန်တဲ့သဘော ဖြစ်နေတယ်။ ဒါ သူတို့ (အစိုးရ)ရဲ့ သေနင်္ဂဗျူဟာလို့ ကျနော်တို့ ယူဆတယ်” ဟု ဗဒိုစောဒေးဗစ်သာကပေါ က သုံးသပ်သည်။

KIO/KIA အပေါ် အစိုးရတပ်၏ ထိုးစစ်ဆင်မှု မရပ်မချင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် မဟုတ်ကြောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် UNFC က သဘောထား ထုတ်ပြန်ထားသည်။

Most read this week