ငြိမ်းချမ်းရေး လမ်းလျှောက်မည့်သူများ ရန်ကုန်မြို့မှ ယနေ့စထွက်ခွာ

ငြိမ်းချမ်းရေး လမ်းလျှောက်မည့်သူများ ရန်ကုန်မြို့မှ ယနေ့စထွက်ခွာ
by -
ကချင်သတင်းဌာန

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူ တိုင်းရင်းသား လူငယ်များဦးဆောင်၍ ရန်ကုန်မှ မိုင် ၈၀၀ ကျော်ဝေးသည့် တရုတ်ပြည်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် ခရီးစဉ်ကို ယနေ့ စတင်လိုက်သည်။

ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ရ နာရီတွင် လမ်းလျှောက်မည့်လူငယ်များသည် ရန်ကုန်မြို့ ဆူးလေ မြို့တော်ခန်းမတွင်စုရုံးကာ ကိုဇင်ကိုကို ဦးဆောင်၍ ကိုရန်နိုင်ထွန်း၊ ကိုအောင်မင်းနိုင်တို့အပါအဝင် လမ်းလျှောက်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရစစ်တပ်နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ကြား ၁ နှစ်ကျော်ကြာဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန် ယခုကဲ့သို့ လမ်းလျှောက်သည့် အစီစဉ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုဇင်ကိုကိုက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အဓိကတော့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကျနော်တို့မျှော်လင့်ထားတယ်ဗျ။ ပြည်တွင်းစစ်တွေက တောက်လျှောက်ဖြစ်နေတယ်ဆိုတော့ ပြည်တွင်းစစ်တွေကို ရပ်ဆိုင်းဖို့ကို မျှော်လင့်တာပေါ့။ ဒီပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စေချင်တယ်။ ရပ်တန့်စေချင်တယ်ဆိုတာကလည်း ကျွန်တော်တို့ အကုန်လုံးက ညီအစ် ကိုမောင်နှမတွေပဲလေ။ ညီအစ်ကိုမောင်နှမတွေ အချင်းချင်း ပြန်ပြီး ရန်ဖြစ်နေတယ်ဆိုတာကမဖြစ်သင့်ဘူး ဗျာ။ လက်ရှိကျွန်တော်တို့တိုင်းပြည်က ပြောင်းလဲမှုကို သွားနေတယ်ဆိုတော့ ဒီပြောင်းလဲမှုတွေရဲ့ဖွ့့ံဖြူးတိုး တက်မှုကို သွားဖို့ဆိုလို့ရှိရင် လက်ရှိပြည်တွင်းထဲမှာရှိနေတဲ့ ပြည်တွင်းစစ်တွေကို အမြန်ဆုံး ရပ်တန့်ပြီးတော့ ဖွံ့ဖြိုး တိုက်တက်မှုလမ်းကြောင်းကို သွားမှ ရမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေ အားလုံးပါ၀င်ပြီးဒီလိုလုပ် တယ်ဆိုတော့ အားလုံးကလဲ မြင်လာမယ်။ လက်ခံလာမယ်လို့ထင်တယ်။”

အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးကို ရန်ကုန်မြို့မှ ပဲခူး၊ တောင်ငူ၊ မန္တလေး၊ ရွှေဘိုဖက်မှ သွားမည်ဖြစ်ပြီး အချိန် ၂ လနီးပါး ကြာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းကို မလိုလားသည့်အနေဖြင့် တိုင်းရင်းသားများ၏ ဆန္ဒကိုပြသခြင်းလည်းဖြစ်သလို “KIO ခေါင်းဆောင်များက ကျွန်တော်တို့ကို ကမ်းလှမ်းပြီးတော့ တွေ့ချင်ပါ တယ်ဆိုရင်ကျွန်တော်တို့ဘက်က တွေ့ဖို့ အဆင်သင့်ပါပဲ။ ကျနော်တို့လမ်းလျှောက်ရတဲ့ ရည်ရွယ်ချက်တွေ၊ ပြီးတော့ ငြိမ်းချမ်းရေးကို ဘာကြောင့်လိုလားတယ်ဆိုတဲ့ အစစအရာရာ လူကြီးတွေကို ပြောပြဖို့ အစီအစဉ်ရှိ ပါတယ်။ ပြီးတော့ ကျွန်တော်တို့ လိုင်ဇာကိုရောက်ရင် လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ စိုက်ထူပေးဖို့ ငြိမ်းချမ်းရေးအလံကို သယ်ဆောင်လာပါတယ်။ လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ စိုက်ထူပေးမှာပါ။ စစ်ပြည် မှာ ခံစားရတာက ပြည်သူလူထုက အများဆုံးခံစားရတာဆိုတော့ ကျွန်တော်တို့က ဒီအလံကို ရအောင်သယ် ဆောင်သွားမှာပါ။” ကိုဇင်ကိုကိုက KNG ကချင်သတင်းဌာန သို့ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေး လမ်းလျှောက်မည့် ခရီးစဉ်သို့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ကချင်လူငယ် ၄၀၀ ခန့်ကလည်း ပူးပေါင်းပါ၀င်ရန် ယမန်နေ့ မန္တလေးသို့ ထွက်ခွာနေပြီဖြစ်ကြောင်း မူဆယ်ဒေသခံလူငယ် ကိုခေါင်လွမ်းကပြောသည်။

“မနေ့က ဒီမူဆယ်က ထွက်သွားတာ ဟုတ်တယ်။ သူတို့အတွက်လမ်းမှာလည်း ကြောက်ရတယ်ပြော တယ်။ တချို့ကိုတော့ ဂိတ်မှာစစ်ပြီး မဖြတ်ခိုင်းတာလည်းရှိတယ်လို့ကြားတယ်။ ဒီနေ့တော့ သူတို့စီကအဆက် အသွယ်မလာသေးဘူး။ ဒီည ဖုန်းဆက်လာမယ်လို့တော့ပြောတယ်။ အခုဆိုမန္တလေးမှာတော့ ရောက်နေ လောက်ပြီ။”

အဆိုပါ ငြိမ်းချမ်းရေးတောင်းဆို လမ်းလျှောက်မည့် ခရီးစဉ်တွင် ပါ၀င်မည့် မူဆယ်မှ လူငယ်များသည် တဖက်တွင်လည်း လမ်းခရီးကို ၄င်းတို့ လုံခြုံရေးအတွက်လည်း စိုးရိမ်ပူပန်နေကြသည်။

ယခုချိန် ရန်ကုန်မြို့မှ လမ်းလျှောက် ထွက်ခွာသူများတွင် ပဲခူးထိ လိုက်ပါပို့ဆောင်မည့် လူငယ် ၅၀ ခန့် ပါရှိပြီး ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိအရောက် အဓိကလမ်းလျှောက်သွားမည့် သူများတွင် သံဃာတော် ၄ ပါး အပါအဝင် လူငယ်များ၂၁ ဦးဖြစ်ကြောင်း သိရသည်။

Most read this week