လိုင်ဇာ အနီးရှိ KIA စခန်းများအား အစိုးရ တပ်ဖွဲ့မှ ပြင်းထန်စွာ စစ်ဆင်နေဆဲ

လိုင်ဇာ အနီးရှိ KIA စခန်းများအား အစိုးရ တပ်ဖွဲ့မှ ပြင်းထန်စွာ စစ်ဆင်နေဆဲ
by -
ရွှေဟင်္သာ

အစိုးရ တပ်ဖွဲ့များသည် လိုင်ဇာ အနီးရှိ ခယားတောင်နှင့် လာဂတ်တောင်ရှိ KIA တပ်များအား ပြင်းထန်စွာ စစ်ဆင်ခဲ့ သည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း အရာရှိတဦးက ပြောသည်။

“ဒီခယာတောင်က ကျနော်တို့ စခန်းကိုလေ မနေ့မနက် (၇) နာရီ ကနေ ဒီနေ့ညနေ (၅) နာရီ အထိကို စစ်ဆင်နေတုန်းပါဘဲ။ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကလည်း မိုးချိန်း သလိုမျိုး မြေကြီးတွေ တုန်ခါနေတာ ပါဘဲ။ ကျနော်တို့ကလည်း ဘယ်ဆုတ်မှာလဲ၊ သူတို့ဖက်က အထိနာ နေတယ်ဆိုတာ တွေ့နေရတယ်။ တိုက်လေယာဉ် ၂ စင်း ကလည်း လာသေးတယ်။ ဒါပေမဲ့ ပစ်ခတ် မသွားပါဘူး။ ၀ဲပြီးတော့ ပြန်သွားကြတယ်။” ဟု ဆိုသည်။

ဗန်းမော်မြို့နယ်၊ မိုင်ဂျာယန် ကျေးရွာ အနီးရှိ လဂတ်တောင်ရှိ KiA စခန်းကို တပ်ရင်း (၃) ရင်းဖြင့် ယနေ့မနက် (၁၀)နာ ရီ မှ ညနေပိုင်း (၅) နာရီ အထိ စစ်ဆင်နေဆဲဖြစ်ပြီး မည်သည့်စခန်းမှ သိမ်းဆည်းနိုင်ခြင်း မရှိဟု KIA ဖက်က ဆိုသည်။

စစ်ဆင်ရေးသည် မဆုတ်တမ်း စစ်ဆင်ရေးဖြစ်သည့်အတွက် အထိနာခဲ့ပြီး၊ လက်နက်ကြီး အသုံးပြုမှုသည် ထိရောက်မှု မရှိဟု ဆိုသည်။
 
ပွိုင့် (၇၇၁) ရှိ အစိုးရတပ်များသည် ၄င်းတို့ စခန်းများအား ခြံခတ်ပြီး ကာရံနေသည်ဟု ဆိုပါသည်။ ယနေ့တိုက်ပွဲတွင် လေကြောင်း ပါ၀င် တိုက်ခိုက်မှု မရှိသဖြင့် KIA တပ်များ အနေဖြင့် စိုးရိမ် စရာမရှိဟု ဆိုပါသည်။ ထို့အပြင် အစိုးရတပ် များ၏ (၂၄) နာရီအတွင်း အပစ်ရပ်ရန် ညွှန်ကြားမှုကိုလည်း ယုံကြည်နိုင်ဖွယ်မရှိဟု KIA တပ်မှူးများက ဆိုသည်။

အစိုးရသည် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်လိုပါက KIA အား စစ်ဆင်နေမှုကို လျှော့ချ သင့်ကြာင်းနှင့် နိုင်ငံရေး ဆွေး နွေးမှုကို  သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲွှအား ဆွေးနွေးစေလို ကြောင်း KIA မှ ထုတ်ပြန် ကြေညာပြီး ဖြစ်သည်။