ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ ငြိမ်းချမ်းရေး ဆွေးနွေးသွားပါက ပိုသင့်လျော်မည်ဟု KIO က ယမန်နေ့က တုံ့ပြန်ပြောဆိုလိုက်သည်။
ငြိမ်းချမ်းရေး ပြန်လည် တွေ့ဆုံညှိနှိုင်းရန် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ယခုလ ၁၉ ရက်နေ့က ကမ်းလှမ်းလာသည့်အပေါ် ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်များဖြင့် KIO အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ကာ စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်၌ KIO နှင့် သီးသန့် တွေ့ဆုံခြင်း မဟုတ်ဘဲ UNFC ၏ ဆုံးဖြတ်ချက်အတိုင်း ဆွေးနွေးသွားပါက ပိုသင့်လျော်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အစိုးရဘက်က စစ်ရေးနဲ့ အပေါ်စီးကနေ ယူထားပြီးမှ ထိုးစစ်ဆင်လာတဲ့အချိန်မှာ ကျနော်တို့နဲ့ သီးခြားတွေ့ဖို့ အဆင်မပြေဘူး။ မရှိဘူး။ UNFC မှာ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်း အကုန်လုံးပါတယ်။ အဲဒီမှာ ကျနော်တို့ကေအိုင်အို အဖွဲ့တွေလည်း ပါတယ်” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
ထို့အပြင် UNFC အဖွဲ့၏ ဥက္ကဌ အဖြစ် KIO မှ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လက တာဝန်ယူထားသည်။
KIO ၏ တုံ့ပြန်စာကို ယမန်နေ့ ည ၁၀ နာရီတွင် လက်ခံရရှိကြောင်းနှင့် အစိုးရနှင့် KIO တို့ နှစ်ဘက်လုံး အပစ်အခတ် ရပ်ရေးကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
“ဝန်ကြီး ဦးအောင်မင်းရဲ့သဘောထားတော့ မသိဘူး။ ကျနော်နားလည်သလောက် နိုင်ငံတကာ ငြိမ်းချမ်းရေး
ဖြစ်စဉ် တွေကို ကြည့်ရင် အပစ်အခတ်ဖို့ ၄၈ နာရီ၊ ရ၂ နာရီကြာ စောင့်ကြည့်ဖို့ လိုပါတယ်လို့ ကျနော် သတိထားမိတယ်။ ဒီကြားထဲ နှစ်ဘက်တပ်တွေ အပစ်ရပ်မဲ့ သဘောရှိ တယ်လို့ ယူဆရတယ်” ဟု သူက ပြောသည်။
UNFC နှင့် ဝန်ကြီး ဦးအောင်မင်းတို့ မကြာမီ တွေ့ဆုံရန် မူအားဖြင့် သဘောတူထားပြီး ဖြစ်သော်လည်း အချိန်နှင့်နေရာ သတ်မှတ်ခြင်း မရှိသေးကြောင်း သူက မဇ္စျိမကို ပြောသည်။
UNFC အနေဖြင့် ဆက်လက် ဆွေးနွေးသင့်ကြောင်း KIO က ပြောဆိုခြင်းသည် UNFC ၏ ရပ်တည်ချက် တခုဖြစ်၍ ကြိုဆိုကြောင်းနှင့် တခြား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း အလားတူ ဖြစ်စေလိုကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။
“ဒါကျနော်တို့ရဲ့ ရပ်တည်ချက်ဘဲ။ UNFC အဖွဲ့ဝင်အားလုံးက ဒီလိုဘဲ ဖြစ်စေချင်တယ်။ နိုင်ငံရေးအရ ဆွေးနွေးမယ် ဆိုရင်တော့ ဒါတပြည်လုံး အနေအထားနဲ့ ဆွေးနွေးမှဘဲ ပြည့်စုံမယ်။ ဒီလိုအခြေခံ သဘောထားနဲ့ ကေအိုင်အိုက တင်ပြလိုက်တယ်လို့ ထင်တယ်။ ဒီလို ဖြစ်သင့်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။ မကြာမီ ရက်ပိုင်းအတွင်း UNFC အဖွဲ့ဝင်များနှင့် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံချိန်တွင် KIO အပေါ် ထိုးစစ်ဆင်မှု ရပ်ရေးကိုသာ ဆွေးနွေးမည်ဟု ဆိုသည်။