KIA နှင့် အစိုးရစစ်တပ်တို့ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော ကချင်ပြည်နယ် ဗန်းမော် - လွယ်ဂျယ် ကားလမ်းပေါ်တွင် ယခုလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်တန်း များ ဖြတ်သန်းနေစဉ် ဗုံးတစ်လုံးကွဲခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ဗန်းမော် - လွယ်ဂျယ်လမ်း ၂၇ မိုင်တွင် လမ်းဘေး သစ်ပင် ၌ ထောင်ထားသည့် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဗန်းမော်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဟိုင်းလက်ကားက တစ်စီး ဗင်ကားနှစ်စီး လွယ်ဂျယ်ကနေ ဗန်းမော်ကိုအဆင်း ၂၇ မိုင်နားမှာ လမ်းဘေး ကနေ ဗုံးတစ် လုံးထပေါက်တာ ဟိုင်းလတ်ပေါ်မှာတော့ လူ ၃၀ ကျော်လောက်ပါတယ် ကား ၃ စီးစလုံး ထိတယ်။ အားလုံးဆိုရင်တော့ ၂၂ ယောက်ထိတယ် ဒဏ်ရာပြင်းထန်တဲ့လူတွေကိုတော့ ဗန်းမော်ဆေးရုံ မှာ တင်ထားတယ် ” ဟု မြို့ခံက ဆိုသည်။
ဗုံးထိမှန်သူ အများစုမှာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ခါဂျန် ၊ အလင်းကောင် ၊ ကြံခင်း နှင့် မန်ပုံရွာ များမှ ဆိုင်ကယ် ကယ်ရီ သမားများဖြစ်ပြီး ဗန်းမော်ဆေးရုံတွင် ၁၀ ဦးကျော်ခန့် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“အခုဆေးရုံက အပြင်လူ ဝင်ခွင့်မပေးတော့ လူအရေအတွက် အတိအကျမသိရဘူး။ ဟိုင်းလက်ပိုင်ရှင်က ဦးဝင်းမော်။ သူက ဒဏ်ရာပြင်းတယ်။ ဗန်းမော်ကဘဲ၊ မြစ်ကြီးနားက မအောင်ဆိုတဲ့ ကောင်မလေး တစ်ယောက်ရယ်၊ မန်ပုံရွာက ၃ ယောက် လောက်ကလဲ ဒဏ်ရာ ပြင်းတယ်လို့ သိရတယ် ” ဟု ဆိုသည်။
အဆိုပါ လမ်းကြောင်းတစ်လျှောက် အချက်အခြာကျသည့် နေရာများကို မြန်မာအစိုးရ စစ်တပ်များက ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်အသွားအလာများ သိသိသာသာ လျှော့နည်း ကျဆင်း နေပြီး ခရီးသွားများမှာ စိုးရိမ်နေ ကြောင်း သိရသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာမြို့အနီးရှိ လဂျားယန်ဒေသတစ်ဝိုက် အစိုးရတပ်၏ ထိုးစစ်ဆင်နေမှုများအား ရပ်ဆိုင်းကြောင်း ယခုလ ၁၈ ရက်နေ့က မြန်မာအစိုးရမှ ကြေငြာခဲ့အပြီး နောက်တစ်ရက်တွင် ၎င်း ဗုံးကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လဂျားယန်ဒေသ ထိုးစစ် ရပ်ဆိုင်းမည်ဟု ကြေငြာထားသည့်တိုင် အစိုးရတပ်ဘက်မှ လဂျားယန်အနီး ခါရာတောင်တွင် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ KIA နှင့် အစိုးရတပ်တို့အကြား နှစ်ဘက် တိုက်ပွဲများ ပြင်းထန်ဆဲ ဖြစ်ကြောင်း ကျောင်းသားတပ်မတော် ရှေ့တန်းတပ်မှူးများ အဆိုအရ သိရသည်။