ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းနှင့် ဒေသခံများဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်

ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းနှင့် ဒေသခံများဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း လီမိတက် (Rakhine Development Corporation Limited)တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံ ဆွေးနွေး ပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် တက်ရောက်ခဲ့သည်ဟု သိရသည်။

meeting

 

ပြည်နယ် ၀န်ကြီး ချုပ် ဦလှမောင် တက်ရောက်လာခဲ့ကြောင်းကို  ရခိုင်ဖွံဖြိုးရေး ကော်ပိုရေးရှင်း လီမိ တက် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးထွန်းနိုင်က နိရဥ္စရာသို့ ယခုလို ပြောသည်။

“ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ရယ် နောက်ထပ် ၀န်ကြီး ဦး ကျော်သိန်းတို့ တက်ရောက်ပါတယ်။  ကျောက်ဖြူ ခရိုင်နဲ့ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျောက်ဖြူမြို့က လူထုလူတန်းစား အဖွဲ့အစည်း က လူပုဂ္ဂိုလ်တွေ၊ မြို့မိမြို့ဖတွေ စုစုပေါင်း လူ ၁၅၀ လောက် ရောက်ပါတယ်”  ဟုဆိုသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ပြည်နယ် အစိုးရ အနေဖြင့်  အများပိုင် ကုမ္ပဏီ ပေါ်ပေါက်လာသည်ကို ကြိုဆိုပါကြောင်း၊ တခြားတိုင်းနှင့် ပြည်နယ်များမှာလည်း ပေါ်ပေါက်နေပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာလည်း ပေါ်ပေါက်လာသောကြောင့် ၀မ်းမြောက်ပါကြောင်း၊ ကျောက်ဖြူတွင် ပေါ်ပေါက်နေ သော ကျောက်ဖြူ ခရိုင် အများပိုင် ကုမ္ပဏီ အနေဖြင့် အများကျိုး အတွက် ဆောင်ရွက်နိုင်လိမ့်မည်ဟုမျှော် လင့်ကြောင်း  အားပေးစကား ပြောကြားခဲ့သည်ဟု ဦးထွန်းနိုင်က ပြောသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်မှ ရောက်ရှိလာသော ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက်မှ တာဝန်ရှိသူများနှင့် တက်ရောက် လာသူများက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်ဟု လည်း ဦးထွန်းနိုင်က ပြောသည်။

“ရခိုင်ဖွံ့ဖြိုးရေး ကော်ပေါ်ရေးရှင်း လီမိိတက် (ရန်ကုန်)က လူတွေကလာပြီးတော့ ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေး ရှင်း လီမိတက် လုပ်ရတဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ လုပ်ငန်း ၈ မျိုးလုပ်ဖို့ အစီအစဉ်တွေကို ရှင်းပြကြပါ တယ်။ နောက်ပြီးတော့ စတော့ ရှယ်ယာအကြောင်း၊ အများပိုင်ရှယ်ယာမှာ ရှယ်ယာတခုကို ကျပ်ငွေ (၁၀,၀၀၀ ) နဲ့ ရောင်းပြီးတော့ အများပြည်သူတွေ ပါ၀င် ထည့်ဝင်ဖို့ ကိစ္စတွေကို ရှင်းပြကြပါတယ်။ နောက်ပြီး အမေးအဖြေ ကဏ္ဍလဲပါတယ်။ တက်ရောက်လာသူတွေက စိတ်ဝင်တစား အပြန်အလှန်မေးမြန်း ဖြေကြားခဲ့ကြပါတယ်” ဆိုသည်။

ယနေ့ ပြုလုပ်သော ဆွေးနွေးပွဲတွင် (ရန်ကုန်)နှင့် ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (ကျောက်ဖြူ) တို့အကြား အကျိုးတူ ပူးပေါင်းဆောင် ရွက်သွားရန် သဘောတူညီမှုများ ရရှိခဲ့သည့် အပြင် ဒေသဖွံ့ဖြိုးရေးကို အခြေခံသည့် သင်တန်းများကို လုပ်ဆောင်သွားရန်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

Meeting

“ကျောက်ဖြူမှာလဲ ကျောက်ဖြူ ခရိုင် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း ဆိုတာလည်း ရှိပါတယ်။ အဲဒီကလူတွေနဲ့ အကျိုးတူ လုပ်ငန်းတွေ ကို ပူးပေါင်းဆောင်ရွက်သွားဖို့၊ နောက်ပြီး ဒေသဖွံ့ဖြိုးရေးကို အခြေခံတဲ့ လုပ်ငန်းတွေ၊ သင်တန်းတွေ ဖွင့်လှစ်မယ်။ အဲဒါ တွေကို သဘောတူညီမှု ရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (အများပိုင်ကုမ္ပဏီ)ကို မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ၄၂၀၁/ ၂၀၁၂-၂၀၁၃ အရ  ဇန္နဝါရီ လ ၈ ရက်နေ့က တရားဝင် အဖွဲ့အစည်း အဖြစ် အတည်ပြုပေးခဲ့သည်။

ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက်တွင် ဥက္ကဌ အဖြစ် ဦးရွှေသိန်းကျော်က ဆောင်ရွက်မည် ဖြစ်ပြီး ဒုဥက္ကဌများ အဖြစ် ဦးဦးဖိုးသိန်း (အင်းပေါက်ဝ ကုမ္ပဏီ )၊ ဦးငြိမ်းချမ်းမောင် (ကျောက်ဖြူ)၊ နိုဗယ် ဟိုတည်ပိုင်ရှင် ဦးအောင်နိုင်ဝင်း၊ ဦးတင်ဝင်း (ရန်ကုန်) စသည့် လုပ်ငန်းရှင်များ ပါ၀င်ကြသည်ဟု သိရသည်။

Most read this week