ကချင်စစ်ပွဲအခြေအနေ အိန္ဒိယရှိ မြန်မာများ ဆန္ဒပြ

ကချင်စစ်ပွဲအခြေအနေ အိန္ဒိယရှိ မြန်မာများ ဆန္ဒပြ
by -
မဇ္စျိမ

ကချင်ပြည်နယ် စစ်ပွဲများနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက စနေနေ့တွင် ချီတက်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြသည်။

“ကျမတို့ပြည်နယ်မှာဖြစ်တဲ့ ဒီစစ်ပွဲရပ်ဖို့ လာရခြင်း ဖြစ်ပါတယ်။ အရင်ကထက်ကို ပိုလို့ပိုလို့ ဆိုးလာပါတယ်။ ရွာထဲက လူတွေ အဖမ်းခံရတယ်။ ရွာမှာရှိတဲ့ လူတွေဟာ အိမ်မှာမနေရဘဲ ပုန်းရှောင်နေရတယ်။ စားဝတ်နေ ရေး ခက်ခဲတဲ့အပြင် ကိုယ့်ပြည်နယ်တောင် ကိုယ်ပြန်ခွင့်၊ နေခွင့် မရဖြစ်နေပါတယ်။ အရမ်းကို ဝမ်းနည်းရပါ တယ်” ဟု ကချင်ဒုက္ခသည်ကော်မတီမှ မကော့မိုင် က မဇ္စျိမကို ပြောသည်။

stop-kachin-war

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တိုက်ပွဲများကြောင့် စစ်ပြေး/ စစ်ရှောင် ဒုက္ခသည် တသိန်းခန့် ရှိနေပြီး ထိုပမာဏ၏ သုံးပုံ နှစ်ပုံမှာ KIO ထိန်းချုပ်ရာ လိုက်ဇာဒေသအတွင်း ရှိနေကြောင်း ၁၉ ရက်နေ့ထုတ် အိန္ဒိယရောက် မြန်မာဒီမိုကရေစီ အင်အားစုများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာအစိုးရက ကချင်ပြည်နယ် လဂျားယန် ဒေသ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများအား စနေနေ့ မနက် ၆ နာရီမှ စတင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သောကြာနေ့ညက ကြေညာလိုက်သော်လည်း ၎င်းအပေါ် ယုံကြည်မှု မရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABSL မှ ရဲဘော်ကျော်သန်း က ဆိုသည်။

“ပြည်တွင်း၊ ပြည်ပ ဖိအားတွေကို စဉ်းစားပြီးပြောတယ်လို့ ထင်တယ်။ သူပြောတာ ရှင်းရှင်းလေးပဲ သူ့ရည်မှန်းချက်ပြည့်လို့ ထိုးစစ်တွေကို ရပ်တယ်။ ခံစစ်တွေတော့ ဆက်ရှိဦးမယ်ဆိုတော့ ခံစစ်နဲ့ ထိုးစစ်ကို ဘယ်လိုခွဲခြားမှာလဲ။ စစ်အာဏာရှင်တွေက ဘယ်တော့မှ ကတိကဝတ်ကို တည်ခဲ့တယ်ဆိုတာ မရှိပါဘူး။ အပစ်ရပ်တယ်ဆိုတာ မရိုးသားဘူး၊ မပြည့်စုံဘူး၊ တာဝန်မဲ့တယ်။ ဒါ အလိမ်အကောက် တခုရဲ့ ဝှက်ဖဲတခုလိုပဲ သုံးတယ်လို့ မြင်တယ်။ ယုံကြည်မှု မရှိဘူး” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ရဲဘော်ကျော်သန်း က မဇ္စျိမကို ပြောသည်။  

အင်အား ၅၀ ခန့် ပါဝင်သည့် ၂ နာရီကျော်ကြာ ဆန္ဒပြပွဲတွင် ချင်းကျောင်းသားများ သမဂ္ဂကကြေညာ ချက်တရပ် ထုတ်ပြန်ရာ “တိုက်ခိုက်မှုများကို နှစ်ဖက် (KIA နှင့် အစိုးရ) တို့မှ ရပ်တန့်၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများဖြင့်ငြိမ်းချမ်းရေးကို ဦးတည် အကောင်အထည်ဖော်ရန်” တိုက်တွန်းထားသည်။   

လိုုင်ဇာ ဒေသတွင် လက်နက်ကြီးများဖြင့်သာမက လယာဉ်ဖြင့် တိုက်ခိုက်ခံရသည့် လူထုများ အင်မတန် ဒုက္ခရောက်ခဲ့ကြရပြီး အစိုးရ၏ ထိုးစစ်များ အမှန်တကယ် ရပ်ဆိုင်းရေးအတွက် ပူးပေါင်း ပါဝင်လုပ်ဆောင် ကြရန် ကချင် ဒုက္ခသည်ကော်မတီမှ မကော့မိုင် က မေတ္တာရပ်ခံသွားသည်။

အစိုးရ သောကြာနေ့ သတင်းထုတ်ပြန်ချက်တွင် “လေကြောင်းပစ်ကူ ရယူခဲ့ရခြင်းမှာလည်း KIO/KIA တပ်စခန်း ပစ်မှတ်များကိုသာ တိတိကျကျ ထိမှန်ချေမှူန်းနိုင်ရန်နှင့် စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို ရှောင်လွှဲလိုသောကြောင့် ဖြစ်သည်” ဟု ဖော်ပြထားသော်လည်း ဇန်နဝါရီ ၁၄ ရက်နေ့က လိုင်ဇာမြို့၏ 'မြစ်ကြီးနားဟိုတယ်' အနီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သား သုံးဦး သေဆုံးကာ လေးဦး ဒဏ်ရာ ရရှိခဲ့သည်။

Most read this week