အစိုးရတပ်၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် KIA တပ်စခန်းတချို့နောက်ဆုတ်လိုက်ရ

အစိုးရတပ်၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် KIA တပ်စခန်းတချို့နောက်ဆုတ်လိုက်ရ
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီး တပ်မဟာ (၅) နယ်မြေအတွင်း အစိုးရတပ်နှင့် အနည်းဆုံး နေရာ ၃ ခု၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး KIA တပ်စခန်းတချို့ နောက်ဆုတ်လိုက်ရသည်။

DSC04518

ကချင်ပြည်လွတ်လပ်ရေးတပ်၏ ရှေ့တန်းစခန်းတခုဖြစ်သော မဆဲန် (Ma Sen) စခန်းသို့ အစိုးရတပ်များ လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ ၁၂ နာရီချိန်တွင် နောက်ဆုတ်လို်က်ရကြောင်း ရှေ့တန်းမှ အရာရှိက ဆိုသည်။

ထို့အပြင် ဖွန်းပျဲန်ဘွမ် (Hpun Pyen Bum) အနီး လကန်းဘွမ် (Lakang Bum) တောင်ခြေတွင်လည်း ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ အစိုးရခြေလျင်တပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ နှစ်ဘက်တပ်များ ကျဆုံးမှုရှိခဲ့သည်ဟုလည်း ဆိုသည်။

အစိုးရတပ်ဖက်မှ သေဆုံးမှုတိကျစွာမသိရသေးသော်လည်း ကချင်လွတ်လပ်ရေးတပ်မှ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း KIA အရာရှိပြောသည်။

အလားတူ ဌာနချုပ်လိုင်ဇာမြို့နှင့် ၂ မိုင်ခန့်သာရှိသည့် လဝါယန် (Lawa Yang) တွင် ယမန့်နေ့ နံနက် ၄ နာရီချိန်မှ မြန်မာအစိုးရတပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး  တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။

KIA တပ်မဟာ (၅) နှင့် အစိုးရတပ်၏ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် စကခ (၂၁)၊ တပ်မ ၈၈ တပ်ပေါင်းစု အင်အားအများဆုံးနှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်ဖက်မှ သေဆုံးမှုမရှိသော်လည်း ရ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိက ဆက်ပြောသည်။

အစိုးရတပ်မှလည်း သေဆုံး ဒဏ်ရာရရှိမှုများကြောင်း သိရသော်လည်း စာရင်းအတိကျ မသိရပေ။

ခရာဘွမ် (Hkaya Bum) တောင်တွင်ဖြစ်သော တိုက်ပွဲတွင် အစိုးရတပ်မှ jet တိုက်လေယာဉ် ၂ စင်းဖြင့် အကူပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဌာနချုပ်နယ်မြေအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဒုက္ခသည် များခိုလှုံရာ စခန်းအနီး လို်င်ဇာနှင့် ၃ မိုင်အကွာခန့်နှင့် မိုင်ဂျာယန် (Mai Ja Yang) အနီး ရ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် ပြင်းထန်စွာ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အဆိုပါနယ်မြေအနီးရှိ ဒုက္ခသည်များသည် မိမိ၏လုံခြုံရေးအတွက် ကတုတ်ကျင်း၊ ကျောက်ဆောင်များ ၊ လိုဏ်ခေါင်းများတွင် အသီးသီး ကြောက်လန့် တကြား ပုန်းခိုခဲ့ရကြောင်း ဒုက္ခသည်စခန်းမှသိရသည်။

“ဒီမနက်အစောကနေ ပစ်နေတာ။ တစ်နေ့လုံးပစ်နေတာ အိမ်တွေတောင် လှုပ်တယ်။ ဒီနေ့ကအပြင်းထန်ဆုံး ဘဲဲ။ လိုင်ဇာမြို့နဲ့ မဝေးတော့ဘူး။ သေနက်ငယ်များ ပစ်တာတောင်ကြားနေတယ်။ အရမ်းကြောက်တယ်။” ဟု လိုင်ဇာဒေသခံတစ်ဦးပြောသည်။

ယနေ့အစိုးရဖက်မှ တိုက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ (၃/ ၂၀၁၃) ဖြင့် အချက် (၈)ချက် ထုတ်ပြန်ခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ရ၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/KIA ခြေကုတ် စခန်းများအား တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရကြောင်းပါရှိသည်။

ထိုသို့ အစိုးရတပ်မှ တိုက်ခိုက်ခြင်းသည် လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံ ပိတ်ဆို့ထားခြင်း၊ လဂျားယန် စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးကို အများပြည်သူများ အသုံးမပြု နိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နိုင်ငံတော် အစိုးရသည် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

သို့သော် ကချင်ပြည်နယ်တွင်း ၁ နှစ်ကျော်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အခြေစိုက်ရာနယ်မြေများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်သည် ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှစ၍ လက်နက်အင်အား စစ်အင်အားများကို အလုံးအရင်းတိုးချကာ KIA ဌာနချုပ်ကို ဦးတည်၍ ၀ုိင်းရံတိုက်ခိုက် ခြင်းသည် KIA အား အမြစ်ပြုတ် တိုက်ခိုက်ခြေမှုန်းခြင်းသာ ဖြစ်ကြောင်း KIO ဒု-အထွေထွေ အတွင်းရေးမှူး-၂ ဦးလနန်က (Salang Kaba Lah Nan) ပြောဆိုသည်။

“ဘာ့ကြောင့်တိုက်တာလဲဆိုတဲ့ကိစ္စက တွေးဖို့ကိုမရှိပါဘူး။ တိုင်းရင်းသားတွေ လက်နက်ကိုင်အားလုံးကို သူတို့ကလက်နက်ဖျက်သိမ်းရေး ဆိုတာ သူတို့ဆီမှာ မူချမှတ်ပြီးသားပါ။ အဲဒီလက်နက်ဖျက်သိမ်းရေးဆိုတဲ့ ကိစ္စကိုပဲ အကောင်အထည် ဖော်တဲ့ကိစ္စလို့ပဲေ ပြောလို့ရမယ်ထင်တယ်။ တိုင်းရင်းသားအားလုံးဟာ လက်နက်ကိုင် အဖွဲ့တွေအားလုံးဟာ နောက်ဆုံးကျရင်ဒီပုံစံပဲ ရင်ဆိုင်ရမှာပါ။ ဒါကတော့ လက်နက်ကိုင် တိုင်းရင်းသားအားလုံးကို အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ အသွင်ရဲ့ မူသဘောထားကို အခြေခံပြီးမှပဲ လုပ်ဆောင်နေတယ်လို့ပဲ သတ်မှတ်လို့ရတယ်။” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA သည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု ဆက်လက်လုပ်ဆောင်ရန် သဘောထား တူညီသော်လည်း အစိုးရလိုလားသော အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်ကိစ္စ ထက် KIA သည် တိုင်းရင်းသားများ လိုလားသော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် နှစ်ဖက်ခေါင်းဆောင်များ စစ်မှန်သောနိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်သာ ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်။

တချိန်တည်းတွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် လှုပ်ရှားမှုကို လဂျားယန် ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ဘဲ ကချင်ဒေသ အနှံ့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် လှုပ်ရှားမှုများကို လျှော့ချသင့်သည်ဟု ယနေ့ ရက်စွဲဖြင့် KIA က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထို့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှတဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျော်လင့်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြထားသည်။

Most read this week