စစ်တပ်သိမ်း လယ်မြေများ ပြန်ရရှိရေး ဂွမြို့တွင် ဆန္ဒပြ

စစ်တပ်သိမ်း လယ်မြေများ ပြန်ရရှိရေး ဂွမြို့တွင် ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စစ်တပ်က သိမ်းထားယူထားသည့် လယ်မြေများနှင့် ပင်လယ်ကမ်းခြေရှိ အုန်းခင်း မြေများ ပြန်ရရှိရေး အတွက် လယ်သမားများက ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြသူများသည် ဆိုင်းဘုတ်များ၊ ပိုစတာများ ကိုင်ဆောင်ပြီး ဂွမြို့တွင် ချီတက် ဆန္ဒပြခဲ့ကြသည်ဟု ဂွမြို့မှ မြို့မိမြို့ဖ တဦးဖြစ်သူ ဦးအေးမောင်က နိရဥ္စရာသို့ ပြောသည်။

“မနေ့က မနက် ၆ နာရီခွဲကနေ ဂွမြို့အဝင်ဂိတ်ကနေ ဆိုင်းဘုတ်တွေကိုင်ပြီး မြို့အထွက်ဂိတ် အထိလူပေါင်း ၂၂၀ ခန့် လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ကြပါတယ်။ ဆိုင်းဘုတ်တွေ၊ ပိုစတာတွေမှာတော့ သိမ်းထားတဲ့ မြေတွေကို ပြန်ပေးပါ စသဖြင့်  ရေးသာထားတဲ့ စာတန်းတွေ ပါတယ်။ ပြီးရင် ဂွမြို့မှာရှိတဲ့ ဦးဥတ္တမလမ်းဆုံမှာ စုပြီးတော့ ဟောပြောပွဲတွေ လုပ်ပြီးမှ အဆုံးသတ်ခဲ့ကြပါတယ်” ဟုပြောသည်။

ယခုကဲ့သို့ ဂွမြို့နယ် လူထု လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ရခြင်းမှာ အဆိုပါ ဆန္ဒပြ နေရာတွင် ခမရ ၅၆၃၊ ၅၆၂ တပ်ရင်းတို့တည်ရှိ၍ ဖြစ်သည်ဟု ဆိုသည်။

“လယ်မြေတွေ၊ ဥယာဉ်ခြံမြေတွေ အသိမ်းခံထားရတဲ့ ဒေသခံပြည်သူလူထုတွေရဲ့  ခံစားချက်တွေကို စစ်တပ် တပ်ရင်းတွေက စစ်အရာရှိတွေ သိရှိနိုင်အောင် လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အသိမ်းခံထားရသော မြေများမှာ ပင်လယ်ကမ်းခြေရှိ အဓိကအချက် အချာကျသည့် နေရာတွင် တည်ရှိပြီး လက်ရှိ အချိန်တွင် အထူး တန်ဖိုးရှိနေကြောင်း သိရသည်။

“အဓိကတော့ ဂွမြို့နယ် ကျွန်းသာယာနဲ့ ရွှေအေးကွက် ပင်လယ်ကမ်းခြေဘက်မှာရှိတဲ့ လူပေါင်း ၂၀၀ နီးပါးပိုင် ဆိုင်တဲ့ အုန်းခင်းမြေမြောက်များစွာကို စစ်တပ်က လွန်ခဲ့တဲ့ ၁၉၉၀ ၀န်းကျင်ကနေ သိမ်းထားတာဖြစ်ပါတယ်။ သိမ်းထားပြီး စစ်တပ် အတွက်ရော၊ နိုင်ငံတော် အတွက်ပါ ဘာစီမံကိန်းမှ မလုပ်ဘဲ စစ်ဗိုလ်တွေက ဌားစားနေတဲ့ အတွက် လယ်သမားတွေက နိုင်ငံတော်က မသုံးရင် ပြန်ပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အသိမ်းခံ လယ်မြေများနှင့် အုန်းခင်းမြေများမှာ ဧက ၁၀၀၀ ကျော်ရှိပြီး  ပြန်ရရေးအတွက်  လယ်သမားများက ဆန္ဒ ထုတ်ဖေါ်ခဲ့ကြသော်လည်း စစ်တပ်ဘက်မှတ စုံတရာ အကြောင်းပြန်ကြားချက် မရှိသေးဟု ဆိုသည်။

“မနေ့က ဆန္ဒထုတ်ဖေါ်ကြတဲ့ အပေါ်မှာ စစ်တပ်ဘက်ကရော၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကရော၊ တုန့်ပြန်တာမရှိသေးဘူး။ လူတွေက ဆန္ဒပြပြီးရင် ကိုယ့်နေရာ ဒေသတွေကိုယ်ပြန်သွားကြတယ်။ ဘယ်လိုတုန့် ပြန်လာမယ်ဆိုတာတာ့ မသိသေးဘူး” ဟုပြောသည်။

ဂွမြို့နယ်နှင့် ၁၇ မိုင်ခန့်ဝေးသည့် ကမ်းသာယာနှင့် ရွှေအေးကွက် ပင်လယ်ကမ်းခြေအနားရှိ အုန်းခင်းမြေများ ကို ပုတ်မြစ်ရွာ၊ သဲကုန်းရွာ၊ စေတီကွင်းရွာ၊ ခြောက်ကုန်းရွာတို့မှ ပိုင်ဆိုင်ခဲ့သည့် မြေများဖြစ်သည်ဟုသိရ သည်။

Most read this week