ပျောက်ဆုံးနေသောသားကို ကလေးစစ်သားဘဝဖြင့် ပြန်တွေ့၍ မိခင် ဖြစ်သူက ILO ကိုတိုင်ကြား

ပျောက်ဆုံးနေသောသားကို ကလေးစစ်သားဘဝဖြင့် ပြန်တွေ့၍ မိခင် ဖြစ်သူက ILO ကိုတိုင်ကြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိခင် တစ်ဦးသည် သူမ၏ တနှစ်ကျော်ကြာ ပျောက်ဆုံးနေသည့် သားငယ်ကို ကလေးစစ်သား ဘဝဖြင့် ပြန်လည် တွေ့ရှိရသဖြင့် တပ်မတော်မှနုတ်ထွက်ခွင့်ရရန် နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ် ILO သို့ စာရေး တိုင်ကြားလိုက်သည်ဟု သိရသည်။

တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်၊ နိုးကြားရေးလမ်းတွင် နေထိုင်သူ ဒေါ်ခင်နွယ်သည် သူမ၏ သားဖြစ်သူ မောင်ကျော်ကျော်နိုင်  အသက် (၁၅)နှစ် အား စစ်တွေမြို့ ကျားမသောက်ကျေးရွာ အမှတ် (၉၀၈) တပ်ရင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရှာဖွေ တွေ့ရှိပြီးနောက် ယခုလ ၈ ရက်နေ့က သူမ၏ သားဖြစ်သူ စစ်တပ်မှ  ပြန်လည်ထွက်ခွင့်ရရေး အတွက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ရန်ကုန်)သို့ စာရေး တိုင်ကြားလိုက်သည်ဟု ဆိုသည်။

“ကျွန်မ ဒီလ ၈ ရက်နေ့က အိုင်အယ်လ်အို ဆက်သွယ် ညှိနိုင်းရေး အရာရှိဆီကို စာပို့ပါတယ်။ ကျွန်မ အနေနဲ့ အသက်မပြည့်တဲ့သား စစ်တပ်ထဲကို ရောက်နေတာကို လုံးဝ လက်မခံနိုင်ဘူး။ ကျွန်မသား အသက် မပြည့်သေး ဘူးဆိုတာကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အမက ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းကလည်း ထောက်ခံချက် ပေးထားပါတယ်။ မိတ္တူကိုတော့ တောင်ကုတ် NLD ကိုပေးပါတယ်” ဟု ဒေါ်ခင်နွယ်က ဆိုသည်။

မိခင်ဖြစ်သူ ဒေါ်ခင်နွယ်က သူမ၏ သားငယ်အား လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၁၆ ရက်နေ့က ဖုံးအဆက်အသွယ် ရရှိခဲ့ပြီးမှသာ သားဖြစ်သူမှာ စစ်တပ်ထဲကို ရောက်နေကြောင်း သိရှိခဲ့ရသည်ဟု ပြောသည်။

“ပထမ ကျွန်မသားက အဘွားဆီကို ဖုန်းဆက်တယ်။ မင်း ဘယ်ကိုရောက်နေလဲလို့ သူ့အဘွားက မေးတဲ့အခါ ကျွန်တော် စစ်တွေမှာ ရောက်နေတယ်။ စစ်တွေမှာ စစ်သား ဖြစ်နေတယ်။ နောက်နေ့ ၁၁ နာရီလောက်ကို ကျွန်မနဲ့ ဖုံးချိန်း လိုက်တယ်။ နောက်နေ့ ၁၁ နာရီလောက် ဖုန်းဆိုင်ကို သွားပြီးမေးတဲ့အခါမှာ ကျွန်တော် စစ်တွေမှာ ရောက်နေတယ်။ စစ်တွေ ကျားမသောက်ရွာရဲ့  အမှတ် (၉၀၈) တပ်ရင်းမှာ ရောက်နေတယ်လို့ ပြောတယ်။ အဲဒီတော့မှ ကျွန်မရဲ့သား စစ်သား ဖြစ်နေတာကို သိရပါတယ်။”

မောင်ကျော်ကျော်နိုင်သည် ၂၀၀၁ ခုနှစ် နိုဝင်္ဘာလ ၁၁ ရက်နေ့မှစပြီး တောင်ကုတ်နေအိမ်မှ ပျောက်ဆုံးသွား ခဲ့ဟု ဆိုသည်။

မောင်ကျော်ကျော်နိုင်အား ၂၀၁၁ ခုနှစ် နိုဝင်္ဘာလ (၁၅) ရက်နေ့က တောင်ကုတ်အခြေစိုက် အမှတ် (၅၄၄) ခြေ မြန်တပ်ရင်းမှ လိမ်လည်ဖျားယောင်း သွေးဆောင်ကာ တပ်မတော်ထဲ သွင်းခဲ့ကြောင်း၊ သင်တန်းဆင်းပြီး ကလေးစစ်သား ဘဝဖြင့် (၇) လရှိပြီဖြစ်သော်လည်း စစ်တပ်ထဲတွင် နေရသည် ကို မပျော်ရွင်ဘဲ ဖြစ်နေကြောင်း၊ သို့အတွက်  ပြန်လည်ခေါ်ယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဒေါ်ခင်နွယ်က နိရဥ္စရာကို ပြောပြသည်။

“ကျွန်မသားက အမေ ဒီမှာ နေရတာအဆင်မပြေ။ သားကို လစာကောင်းတယ်။ အလုပ်လည်း မလုပ်ရဘူးလို့ပြောပြီး ခေါ် လာတယ်။ အလုပ်မလုပ်ရဘဲ လကုန်လို့ရှိရင် ငွေ ရ၀၀၀၀-၈၀၀၀၀ ရတယ်ဆိုလို့ လိုက်လာတာ။ အခုဆိုလိုရှိရင် အဆင် မပြေဖြစ်လို့ သားကို ပြန်ထုတ်ပေးပါလို့ ပြောတယ်။ အဲ့ဒါကို ကျွန်မက ဘယ်လိုလုပ်ရမှန်း မသိလို့ ကိုယ်ကလည်း တခုမှ မသိမတတ်တဲ့ အခါကျတော့ စဉ်းစားလို့မရဘူးဖြစ်နေတယ်။ နောက်တော့မှ လူတွေက အကြံအဉာဏ်ပေးတဲ့အတွက် အိုင်အယ်လ်အိုကို တိုင်ကြားလိုက်တာ ဖြစ်ပါတယ်”  ဟု ဆိုသည်။

မောင်ကျော်ကျော်နိုင်၏ မွေးသက်ရက္ကရာဇ်မှာ ၁၉၉၆ ခုနှစ် သြဂတ်စ်လ ၁၅ ရက်နေ့ဖြစ်ကြောင်းနှင့် သူ့အား စစ်သား အဖြစ် စုဆောင်းသွားချိန်တွင်  အသက် (၁၅)နှစ်ခန့်သာ ရှိသေးသည်။

ယခုကဲ့သို့ အသက်မပြည့်သူ ကလေးစစ်သား မိဘရင်ခွင် ပြန်လည်ရောက်ရှိရေးအတွက် တိုင်ကြားသည့် အခြေအနေနဲ့ ပတ်သက်ပြီး NLD တောင်ကုတ်မြို့နယ် ဥက္ကဌ ဦးမင်းအောင်က နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ဆက်သွယ်ညှိနှိင်းရေးမှူးဆီကို ကလေးစစ်သားနဲ့ ပတ်သက်ပြီး တိုင်စာပို့လိုက်ပြီးပါပြီ။ သူ့ဆီကို ရောက်သွားပြီးပြီ၊ သူဆီကိုရောက်သွားပြီဖြစ်တဲ့အတွက် သူက ဆက်ပြီးလုပ်သွားရင် ကလေးငယ်ဟာ မိဘရင်ခွင်ကို ပြန်ရောက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ILO မှာ ကလေးစစ်သားနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သဘောတူညီချက်ရှိတဲ့အတွက် သူတို့လုပ်ရင် ကလေးဟာ မိဘရင်ခွင်ကို ပြန်လည်ရောက်ရှိနိုင်တဲ့အတွက် အခုလို တိုင်ကြားလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

Most read this week