ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဂျယ်ယန်း စစ်ပြေး ဒုက္ခသည်စခန်းတွင် ကလေးငယ်များ အဖျားတက်၊ အော့အန်ခြင်းနှင့် ဝမ်းလျောရောဂါ ဖြစ်ပွားနေသည်ဟု စစ်ပြေးဒုက္ခသည် များထံမှ သိရသည်။
မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်ပွားရသည်ကို အသေးစိတ်မသိရသော်လည်း ထိုဒုက္ခသည်စခန်း၏ အထက်ပိုင်းရှိ စခန်းတချို့တွင် အိမ်သာ မလုံလောက်ခြင်းများ ရှိသဖြင့် ပတ်ဝန်းကျင် မသန့်ရှင်းသောကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဂျယ်ယန်းဒုက္ခသည် စခန်းမှ ဓမ္မဆရာ ဇော်အောင်က ပြောသည်။
“ရေကြောင့်လား၊ အစားအသောက်ကြောင့်လား မပြောတတ်တော့ဘူး။ ကျနော်သိသလောက် သန့်ရှင်းမှု လိုအပ် မယ်၊ ကျနော်တို့ စခန်းအထက်ပိုင်းမှာရှိတဲ့ ရပ်ကွက် ၉ တွေမှာ အိမ်သာမလောက်ဘူး။ အဝေးကြီးမှာ KRDC ကနေ လုပ်ပေး ထားပေးတဲ့ အိမ်သာ တခု နှစ်ခုဘဲ ရှိတော့ လုနေရတယ်။ ကလေးတွေက အနီး အနားမှာ ဝမ်းသွားတာတွေ ရှိတယ်”ဟု သူက ပြောသည်။
ကလေးငယ်အများအပြား ဝမ်းလျောခြင်းများ ဖြစ်ပွားလာသဖြင့် ရောဂါ ပြင်းထန်နေသော ကလေးငယ်များ အား လိုင်ဇာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးရသည်ဟု သူက မဇ္စျိမကို ပြောသည်။
ယခုလဆန်းပိုင်းမှစတင်၍ အသက် ၂ လမှ တနှစ်ကျော်အရွယ် ကလေးငယ်များ အော့အန်ခြင်းနှင့် ဝမ်းလျော ခြင်းတို့ တပြိုင်နက် ဖြစ်ပွားနေသော ကလေးငယ် ၈ ဦး ဆေးဝါးကုသမှု ခံယူနေရသည်ဟု လိုင်ဇာမြို့ ဆေးရုံမှ သူနာပြု ဆရာမတစ်ဦးက ပြောသည်။
“ဖြစ်တာက တချို့က အစားအသောက်ကြောင့် ဖြစ်တယ်။ တချို့ ဂျယ်ယန်းစခန်းက ကလေးတွေဆိုရင် လူကများ၊ ဖုံတွေက များဆိုတော့ တယောက် နှစ်ယောက်ဖြစ်ရင် တခြားကလေးတွေကို ပြန်ကူးသွားတာဘဲ၊ အဲဒီမှာက ၂၀၀ လောက်ဖြစ်တယ် ပြောတယ်။ ဟိုမှာ အရမ်းဆိုးလာမှ ဒီကို ပို့လိုက်တယ်။ တချို့က အောက်ဆီဂျင်တောင် ပေးရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ထိုဂျယ်ယန်းဒုက္ခသည် စခန်းအတွင်း ဒုက္ခသည်ပေါင်း ၉၀၀၀ ခန့်ရှိပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်နေ သော မဂါယန်နှင့် လိုင်ဇာမြို့ပေါ်ရှိ ဒေသခံတချို့လည်း အဆိုပါ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေနေထိုင်မှု ရှိနေသည်ဟု သိရသည်။
ဒုက္ခသည် ကူညီစောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆားက ဒုက္ခသည် စခန်းအတွင်း ဝမ်းပျက်ရောဂါ ဖြစ်ပွားနေ
သော်လည်း KIO မှ တတ်နိုင်သလောက် ဆေးဝါးကုသနေသည်ဟု မဇ္စျိမကို ပြောသည်။