မဂါးယန်ဒုက္ခသည်စခန်းတွင် ကလေးငယ်များ ၀မ်းရောဂါဖြစ်ပွား

မဂါးယန်ဒုက္ခသည်စခန်းတွင် ကလေးငယ်များ ၀မ်းရောဂါဖြစ်ပွား
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် ၀ိုင်းမော်မြို့နယ် ဆဒုန်းဒေသ မဂါးယန် (Maga Yang) ကချင်စစ်ပြေးဒုက္ခသည် စခန်းတွင်ရှိသော ကလေးငယ်များတွင် ၀မ်းရောဂါဖြစ်ပွားနေကြောင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များ ပြောသည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေ မဂါးယန် (Maga Yang) စစ်ပြေးဒုက္ခသည်စခန်း။

မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းတွင် ကလေး ၅၀၀ ကျော်ရှိသည့်အနက် အသက် ၅ နှစ်အောက် ကလေးငယ် ၂၀၀ ခန့် ပါ၀င်ခဲ့ရာ (၅) နှစ်အောက် အရွယ်များ အများစုဖြစ်ပွားနေကြောင်း မဂါးယန် (Maga Yang) စခန်းတွင် ကျမ်းမာရေး စောင့်ရှောက်မှုပေးနေသော ကျမ်းမာရေးမှူး ဆရာမ လွမ်းနော (Lum Naw) ပြောသည်။

“၀မ်းရောဂါဖြစ်တဲ့ကလေးတွေ နေ့တိုင်း ၂ ယောက် ၃ ယောက်လောက်တော့ လာနေတယ်။ အရမ်းဆိုးဝါးပြီး မထနိုင်လောက်အောင်ဖြစ်တာမျိုးတော့မရှိဘူး။ အခု ရာသီဥတုအပြောင်းအလဲဖြစ်နေတဲ့ အတောအတွင်း ဖြစ်တာ။”

၀မ်းရောဂါဖြစ်ပါပွားမှုသည် အဓိက သောက်သုံးရေနှင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသောကြောင့် ဖြစ်သည်ဟု ဒုက္ခသည်စခန်းတွင် ကူညီစောင့်ရှောက်ပေး နေသူများပြောသည်။

အဆိုပါ ၀မ်းရောဂါဖြစ်ပွားနေသော ကလေးများအား စခန်းမှ ကျန်းမာရေးတာဝန်ရှိသူများက ကြည့်ရှု ကုသပေးနေသော်လည်း ဆေးဝါးလုံလောက်မှု မရှိကြောင်း သိရသည်။

မဂါးယန် ဒုက္ခသည်စခန်းသည် အကူညီပေးမှုအသင်းအဖွဲ့များလာရောက်ကြည်ရှုဖို့ သွားလာရန် ခက်ခဲသောနေရာဖြစ်သောကြောင့် လွန်ခဲ့သည့်နှစ်အတွင်း ဆေးဝါးနှင့် စားသောက်မှုများပြတ်လပ်၍ အခက်ခဲရင်ဆိုင်ခဲ့ရသည်။

ယခုချိန်တွင်လည်း အဆိုပါစခန်းအနီးရှိ တောင်ကုန်းများပေါ်တွင် အစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) မှ စခန်းချထားပြီး နှစ်ဖက်တင်းမာမှု အခြေအနေများကြောင့် စခန်းလုံခြုံရေးထိခိုက်မည်ကို စိုးရိမ်ကြောက်လန့်နေကြောင်း မဂါးယန်စခန်းတွင် ကူညီပေးနေသူတစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အခုချိန် ဒီဘက်မှာတိုက်တာတော့ မရှိဘူး။ ဒါပေမဲ့ လေယာဉ်သံတွေ ဗုံးသံတွေတော့ကြားနေရတယ်။ အဲဒါကြောင့် အားလုံးက စိတ်တွေမပျော်ကြဘူး။ ဒီဘက်မှာလည်း ရောက်လာမလားပေါ့နော်။ ဒီဒုက္ခသည် စခန်းရဲ့ အထက်မှာတော့ KIA တပ်စခန်းတစ်ခုရှိတယ်။ အဲဒီစခန်းရဲ့ ပတ်လည်တောင်တွေမှာ အစိုးရတွေရဲ့ တပ်စခန်းတွေရှိတယ်။ တကယ်လို့ သူတို့တိုက်လာပြီဆိုရင် ဒီဒုက္ခသည်စခန်းကို ရောက်လာမှာ ကြောက်နေ တယ်” ဟု ပြောသည်။

အဆိုပါမဂါးယန်ရှိဒုက္ခသည်များသည် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ကြားပြင်းထန်စွာ ဖြစ်ပွားလာသောတိုက်ပွဲများကြောင့် ၀ိုင်းမော်မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာပေါင်း (၂၉)ရွာမှ ထွက်ပြေးတိမ်း ရှောင် လာခြင်းဖြစ်ကြောင်းသိရသည်။

စခန်းတွင် လူဦးရေ ၂၇၁၁ ရှိပြီး ၎င်းတို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုက္ခသည်ကူညီရေးအဖွဲ့များ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) နှင့် ကရုဏာကူညီရေးအဖွဲ့တို့မှ စားနှပ်ရိက္ခာ လိုအပ်သောပစ္စည်းများကို တာဝန်ယူထောက်ပံ့ ကြည့်ရှုပေးနေကြောင်း သိရသည်။

Most read this week