ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း လီမိတက် ဖွဲ့စည်း

ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း လီမိတက် ဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်စီးပွားရေး လုပ်ငန်းရှင်များ စုပေါင်းပြီး ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ကာ ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမီတက် တစ်ခုကို ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။

Rakhine Development Corporation Limited

Rakhine Development Corporation Limited အင်္ဂလိပ်လို အမည်ရသော ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ အမျိုးသားစီးမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အမှတ် – ၄၂၀၁/ ၂၀၁၂-၂၀၁၃ ဖြင့် ဇန္နဝါရီလ ၈ ရက်နေ့တွင် အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းရသည် ရည်ရွယ်ချက်မှာ ရခိုင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖြစ်သည်ဟု အုပ်ချုပ်မူ   ဒါရိုက်တာ ဦးသိန်းဇော်က နိရဥ္စရာသို့ ပြောသည်။

“ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းသလဲဆိုရင် ရခိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို အဓိက ထား လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုဖွဲ့စည်းလိုက်သော ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းလီမိတက်တွင် ရခိုင်ပြည်နယ်တွင် ရှိနေသော စီးပွားရေး လုပ်ငန်းရှင်များ အဓိက ပါ၀င်သည်ဟု သိရသည်။ ယခုအခါ အစိုးရထံမှ တရားဝင် မှတ်ပုံတင်ခွင့်ကျပြီး ဖြစ်သဖြင့် လူထုများကို ဖိတ်ခေါ်ပြီး အများပြည်သူပိုင် ကုမ္ပဏီ တစ်ခု ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ဦးသိန်းဇော်က ပြောသည်။

“ကျွန်တော်တို့က အများပြည်သူတွေကို အစုရှယ်ယာတွေ ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်တွေအပါအဝင် တိုင်းရင်းပြည်သူတွေ ပါ၀င်ပြီး ရခိုင်ဒေသမှာ သာမက မြန်မာ ပြည် အနှံ့မှာ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်ပြီး ရခိုင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ရခိုင်သူ ရခိုင်သားများ အလုပ်အကိုင် အခွင့်အလန်းများ ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး Vocational Training အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပြီး ကျောက်ဖြူတွင် တည်ဆောက်မည့် စီးပွားရေးဇုံနှင့် တစ်ခြားသော စီးပွားရေး လုပ််ငန်းများ တွင် ကျွမ်းကျင်သော အဆင့်မှထိ ပါ၀င်လာနိုင်အောင် ဆောင်ရွက်သွားမည် ဟု ဆိုသည်။

ယခုလ (၈) ရက်နေ့တွင် မှတ်ပုံတင် ကျပြီးနောက် နောက်တစ်လ တစ်လခွဲလောက်မှ လုပ်ငန်း တာယူဝန် ယူဆောင်ရွက်နိုင်မည့် စာ Commitment Letter ကျလာပြီးမှ လုပ်ငန်းကို ဆောင်ရွက််မည်ဟု ဆိုသည်။

ယခု ဖွဲ့စည်းလိုက်သော ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းလီမိတက် တွင် ဥက္ကဌ အဖြစ် ဦးရွှေသိန်းကျော်က ဆောင်ရွက်မည် ဖြစ်ပြီး ဒုဥက္ကဌများ အဖြစ် ဦးဦးဖိုးသိန်း (အင်းပေါက်ဝ ကုမ္ပဏီ ဒုဥက္ကဌ)၊ ဦးငြိမ်းချမ်းမောင် (ကျောက်ဖြူ)၊ နိုဗယ် ဟိုတည်ပိုင်ရှင် ဦးအောင်နိုင်ဝင်း၊ ဦးတင်ဝင်း (ရန်ကုန်) စသည့် လုပ်ငန်းရှင်များ ပါ၀င်ကြသည်ဟု သိရသည်။

၎င်းပြင် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဥပဒေ ပညာရှင်များ၊ အစိုးရ အငြိမ်းစားအရာရှိကြီးများ လည်း အများအပြား ပါ၀င်ကြသည်ဟု ဆိုသည်။

အစုရှယ်ယာ တစ်စုလျှင် ကျပ်တစ်သောင််းစီဖြင့် ရောင်းချသွားမည် ဖြစ်ပြီး သိန်း တစ်ထောင်ဖိုးထိ ၀ယ်ယူနိုင် သည်ဟု ဆိုသည်။ ပြည်တွင်းရှိ တိုင်းရင်းသား မြန်မာပြည်သူများသာမက ပြည်ပရှိ မြန်မာတိုင်းရင်းသားများ လည်း ၀ယ်ယူနိုင်ကြမည်ဟု ဆိုသည်။

ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းလီမိတက် (RDC) ကို  ခြံအမှတ် ၂၂၀၊ ခရေမြိုင်လမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ််ထားသည်ဟု သိရသည်။

Most read this week