သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ရွှေဖြူတူးဖော်သည့် စီမံကိန်းကြောင့် အခက်အခဲ ကြုံ တွေ့နေရသည့် ဒေသခံများ စုရုံး၍ ယနေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ အလှူအတန်းနှင့်တကွ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ရွှေဖြူလာတူးတော့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ လယ်ယာမြေတွေလည်း ပျက်စီးတယ်။ ဒါကြောင့် ရွာသူရွာသား လယ်သမားတွေ စုပေါင်းပြီး ရေမြေတောတောင်စောင့်နတ်ကို ရည်စူးပြီး အလှူ အတန်း ပြုလုပ်ရတာပါ။ ဖြစ်နိုင်ရင်တော့ ဒေသခံလူထုအတွက် အကျိုးမရှိတဲ့ ဒီစီမံကိန်းကြီး ရပ်နား သွားစေချင်တယ်လေ” ဟု ကျိန်းလပ်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လှူဒါန်းပွဲကို သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိန်းလပ်မြို့နယ်ခွဲ ဝမ့်တုံကျေးရွာ ဘုန်းကြီးကျောင်း၌ ယနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP၊ ဒေသတွင်း အာဏာပိုင်များနှင့် ဒေသခံလူထု ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု ဆို၏။
“နံနက် ၉ နာရီခွဲလောက်မှာ ကျနော်တို့ သီလဆောက်တည်တယ်။ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပေးတယ်။ နောက် ရေမြေတောတောင်စောင့်နတ်တွေ သတ္တဝါတွေကို ရည်စူးပြီး ရေစက်ချ အမျှပေးဝေခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
နံနက် ၁၁ နာရီ သံဃာတော် ၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် ပါတီအသီးသီး မှ ပုဂ္ဂိုလ်များက ဒေသအာဏာပိုင်များထံ လူထုဆန္ဒ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြ ခဲ့ကြောင်း၊ ရွှေဖြူတူးဖော်မှုကြောင့် နောင်ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်၊ ဆိုးကျိုးများနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ် ခဲ့ကြကြောင်း သိရသည်။
ဝမ့်တုံကျေးရွာဘက်၌ ‘ရွှေထူးစံ’ ကုမ္ပဏီက နမ့်ခင်းမ်ချောင်းအတွင်း ရွှေဖြူလာရောက်တူးဖော်လျက်ရှိ ကြောင်းနှင့် “ရွှေဖြူလာတူးတာ ဘယ်သူမှ အကောင်းမမြင်ဘူး။ သျှမ်းရွာအပြင် ပလောင်ရွာက ဒေသခံတွေလည်း အကောင်းမမြင်ဘူး။ ရေတွေလည်းနှောက် လယ်တွေလည်းပျောက် ကျနော်တို့အတွက် ဘာကောင်း ကျိုးမှ မရှိဘူး” ဟု ဝမ့်တုံလယ်သမားတစ်ဦးက ပြောသည်။
လားဟူအမျိုးသမီးအဖွဲ့(LWO) ကလည်း တာချီလိတ်ခရိုင် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူတူး ဖော်မှုနှင့် ပတ်သက်၍ ၂၀၁၂ မေလအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ တောတောင်များ ပျက်စီးကာ ဒေသခံများ သစ်ဥမြစ်ဥ ရှာဖွေရောင်းချနိုင်ခြင်း မရှိသည့်အတွက် ဝမ်းစာအတွက် အကြပ်အတည်း ကြုံတွေ့နေရကြောင်း၊ ရေထုညစ်ညမ်းသဖြင့် သောက်သုံးရေအတွက်လည်း အခက်အခဲကြုံတွေ့နေရ ကြောင်း ဆိုသည်။