လက်ပံတောင်းတောင်အရေး စီတန်းလှည့်လည်မှုဖြင့် အဖမ်းခံထားရသော ဗကသများအဖွဲ့ချူပ် (အထက်ဗမာပြည်) ကော်မတီဝင်များ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ယနေ့လွတ်မြောက် လာပြီဖြစ်ကြောင်း တရားရုံး ကြားနာမှုကို တက်ရောက်နားထောင်ခဲ့သည့် ငြိမ်းချမ်းရေး နေ့သစ်များ ကွန်ယက်မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကို၀င်းမင်းထွေးက ပြောသည်။
ယခုလွတ်မြောက်လာသူများမှာ ၂၀၁၂ ဒီဇင်ဘာ (၁၃) ရက်နေ့တွင် သံဃာများဖြိုခွဲခံရမှုကို ကန့်ကွက်သည့် စီတန်းလှည့်လည်မှု အတွက် ဥပဒေ ပုဒ်မ (၁၈) ဖြင့် အဖမ်းခံထားရသော ကိုအောင်မှိုင်းဆန်း၊ ကိုမင်းနိုင်လွင်၊ ကိုသန်းထိုက်နှင့် ကုန်စျေးနှုန်းကျဆင်းရေး အဖွဲ့မှ ကိုသိန်းအောင်မြင့်တို့ ဖြစ်သည်။
၎င်းတို့ လေးဦးအား ချမ်းမြသာစည် မြို့နယ်တရားရုံးမှ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်တစ်လ ချမှတ်ကာ ချူပ်ရက်ဖြင့် ပြည့်နေပြီ ဖြစ်သဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။
“တရားခွင်တွင်းမှာတော့ တရား သူကြီးက ပုဒ်မ (၁၈) ပိုဒ်ခွဲ တွေကို တစ်ပိုဒ် ချင်းစီ ခွဲပြီး ပြောသွားတယ် ခင်ဗျ၊ လက်ရှိ သူတို့တွေ လမ်းပေါ်ထွက် ဆန္ဒ ဖော်ထုတ်၊ စီတန်း လှည့်လည်ခွင့် စာတင်ရမယ့်ဟာကို မတင်ဘူး၊ နောက်ပြီး ဆိုင်းဘုတ်တွေ ကိုင်ဆောင်တာ အဲဒါ တွေက တရား မဝင်ဘူးလို့ သတ်မှတ်ပြီး ထောင်ဒဏ် တစ်လလို့ အပြစ်ဒဏ် ချလိုက်တယ်ဗျ” ဟု ကိုဝင်းမင်းထွန်းမှ ဆက်ပြောသည်
လက်ပံတောင်းတောင် အရေး သံဃာများ စီတန်း လှည့်လည်မှုတွင် ပါ၀င် ခဲ့သောကြောင့် ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုခြင်း ခံရကာ အာမခံယူရန် ထုတ်ပေးသော စာရွက်အတွင်း ရေးသားထားသော အသုံးအနှုန်းအား မနှစ် သက်၍ အာမခံ ယူရန် ငြင်းဆို ခဲ့ပြီး အမှု ရင်ဆိုင်ရန် ဆုံးဖြတ် ခဲ့သူများ ဖြစ်သည်။
၄င်းတို့ (၄) ဦးသည် ပုဒ်မ (၁၈) ဖြင့် တရားစွဲဆို ခံရပြီးနောက် ရုံးချိန်း (၄) ကြိမ်ကျော် စစ်ဆေး ခဲ့ပြီးနောက် ယနေ့၌ ချမ်းမြ သာစည်မြို့နယ် တရားရုံးမှ စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ လည်းအဆိုပါ ပုဒ်မ (၁၈) တိုက်ဖျက်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး အကြောင်း အရာ အပြည့်အစုံအားဘုရားကြီး ကျောင်းတိုက်၊ ရေတော်ကျောင်းတွင် လွတ်မြောက်လာသူများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟုသိရသည်။
“ချုပ်ရက်က တစ်လနဲ့ (၅) ရက်တောင် ရှိပြီ ဆိုတော့ အခု ဒီနေ့ ပြန်လွတ် လာပြီ၊ အခုတောင် သူတို့ ရေတော်
ကျောင်းကို သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ သွားနေပြီ” ကိုဝင်းမင်းထွေး မှ မဇ္စျိမအား ပြောသည်။
ကိုအောင်မှိုင်းဆန်း သည် (၇) ဂျူလိုင် အမှတ်တရ အဖြစ် ထုတ်ဝေသည့် ဗဟိန်း ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ တစ်ဦးလည်း ဖြစ်သည်။