KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်

KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်
by -
မဇ္ဈိမ

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းမှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် မကြာမီ ရက်ပိုင်းအတွင်း ထပ်မံ ကမ်းလှမ်းမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးက ပြောသည်။  

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက နေပြည်တော် Myanmar Peace center (MPC) တွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။  

“ဦးအောင်မင်းအနေနဲ့တော့ သူ့အနေနဲ့ တောက်လျှောက်ကမ်းလှမ်းနေတယ်။ အခုလည်း ဒီလလယ်ကျော်လို့မှ ကျနော်တို့ တဖက် အဖွဲ့အစည်းဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင် သူ ထပ်ပြီးတော့ ကမ်းလှမ်းမယ်လို့ ဒီနေ့ မနက်ပဲ ကျနော်တို့ကို ရှင်းပြပါတယ်” ဟု မဇ္စျိမကို ပြောသည်။  

ဇန်နဝါရီလဆန်းတွင် ထပ်မံ တွေ့ဆုံရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကမ်းလှမ်းခဲ့ဖူးသော်လည်း KIO ဘက်မှ ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့သည့်အပေါ်ယခု ထပ်မံ ကမ်းလှမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သို့သော် ဒီဇင်ဘာလပိုင်းက ဝန်ကြီး ဦးအောင်မင်းမှ ကမ်းလှမ်းခဲ့သော်လည်း အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှု ပြင်းထန်လာသဖြင့် တွေ့ဆုံရန် တုံ့ပြန်ခြင်း မရှိသေးကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။  

ဇန်နဝါရီလအတွင်း KIO အပါအဝင် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုအဆင့်တွေ့ဆုံရန်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC နှင့် နိုင်ငံရေး ဆွေးနွေးမှုအတွက် မူဘောင် (Frame Work) ဆွေးနွေးရန်နှင့် KIO နှင့် ငြိမ်းချမ်ရေး ဆက်လက် ဆွေးနွေးရန် ရည်မှန်းထားပြီး အကောင်အထည်ဖော်ရန် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဦးလှမောင်ရွှေ က ဆိုသည်။  

“အစိုးရ စစ်တပ်တွေဘက်ကလည်း မှားတာ မရှိဘူး မဟုတ်ဘူး။ စစ်တပ်ဘက်ကလည်း လိုမှာပဲ။ ဒါပေမယ့် အစိုးရဘက်က ငြိမ်းချမ်းရေး တကယ်ရစေဖို့ ကြိုးစားတယ်လို့ ကျနော် လုံးဝ ယုံတယ်။ ကျနော်နားလည်သလောက် မကြာမီ ရက်ပိုင်းတွေမှာ ကမ်းလှမ်းတဲ့အပြင် အခြား အပြုသဘော ဆောင်တာတွေလည်း ဆောင်ရွက်နိုင်တယ်။ သေချာပေါက် ပြောနိုင်တာကတော့ ဒီလမှာ ဒီအဖွဲ့ သုံးဖွဲ့နဲ့ တွေ့ဖို့ လုပ်ဖို့ ရည်မှန်းထားတယ်။ ဒါပေမယ့် အချိန်ပဲ အပြောင်းအလဲ ရှိမယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝန်ကြီး ဦအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင်များ နေပြည်တော် MPC ၌ အင်္ဂါနေ့က ဆွေးနွေးခဲ့ရာ ဝန်ကြီး ဦးအောင်မင်းဘက်မှ UNFC နှင့် တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟုလည်း သူက ပြောဆိုသည်။  

သို့သော် ဝန်ကြီး ဦအောင်မင်းနှင့် တွေ့ဆုံသည့်အခါ နိုင်ငံရေး မူဘောင်အရ ဆွေးနွေးခြင်းထက် အစိုးရ စစ်တပ်က KIO အပေါ် ထိုးစစ်ဆင်မှု ရပ်ဆိုင်းရေးကို ဦးစွာ ဆွေးနွေးမည်ဟု UNFC ၏ ပြောခွင့်ရပုဂ္ဂိုလ် နိုင်ဟံသာက မကြာမီက မဇ္စျိမကို ပြောဆိုထားသည်။

Most read this week