ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ကိုု အစိုးရတပ်က စစ်တိုက်လေယာဉ်များဖြင့် ဆက်လက်ထိုးစစ်ဆင်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ကိုု အစိုးရတပ်က စစ်တိုက်လေယာဉ်များဖြင့် ဆက်လက်ထိုးစစ်ဆင်
by -
ကချင်သတင်းဌာန

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌနချုပ် အနီးရှိ ခယာ (Hka Ya) နှင့် ဘွမ်ရေဘွမ် ( Bum Re Bum) သို့ မြန်မာအစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစိုးရတပ်က စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း KIA အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

တရုတ် K-8 ဂျက်တိုက်လေယာဉ်မှ Bum Re Bum KIA စခန်းကို တိုက်ခိုက်နေပုံ။  ပုံ-KNG ကချင်သတင်းဌာန

အစိုးရ၏ ခြေလျင်တပ်က KIA တပ်ဖွဲ့ရှိရာ ဘွမ်ရေဘွမ်သို့ မြေပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ သေဆုံးမှု များလာသောကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ ဂျက်လေယာဉ် (၂) စင်းရောက်ရှိလာကာ ဗုံးကျဲ တိုက်ခိုက်ကူပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်ခဲ့သည့် မြေပြင်တိုက်ပွဲအတွင်း အစိုးရတပ်၏ သေနတ် ၁၀ လက် ကို KIA ဘက်မှ ရရှိထားကြောင်း အဆိုပါအရာရှိက ပြောဆိုခဲ့သလို KIO တပ်ဖက်ဖွဲဝင်များလည်း ထိခိုက်ဒဏ်ရာရရှိ ကြောင်းပြောသည်။ သို့သော် ယင်းကိစ္စ သီးခြား အတည်ပြုချက် မရရှိသေးပါ။

KIO ဌာနချုပ်အနီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို ဇန်နဝါရီလ ၁၄ ရက် ည ၁၁ နာရီအချိန်က အစိုးရအမြောက်တပ်မှ လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ ယင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း လိုင်ဇာဒေသခံများ အနေဖြင့် စိုးရိမ်ပူပန်မှုကြောင့် ဘေးကင်းလုံခြံုမည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံတဦးက ပြောသည်။

“ကျနော်တို့အိမ်နေတဲ့ နေရာနားမှာ လာကျသလိုလိုဘဲ အသံကအကျယ်တယ်။ ၂ ကြိမ်ပစ်တယ်။ ကျနော်တို့တောင် ညနက်ကြီးမှာ စောင်ဆွဲပြီးထွက်ပြေးရတယ်။ ကြောက်လဲအရမ်းကြောက်တယ်။ အိမ်မှာတောင်မအိပ်လိုက်ဘူး။” ဟုဆိုသည်။

မြန်မာအစိုးရတပ်များသည် KIA တပ်စခန်းများသို့  ကြည်းကြောင်း(မြေပြင်)မှ ထိုးစစ်ဆင် တိုကခိုက်နေသလို လေကြောင်း(ဝေဟင်) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ဇန်နဝါရီလ ၁၅ ရက်နေ့က လိုင်ဇာမြို့အတွင်း လက်ကြီးကျခဲ့သဖြင့် လူ ၃ ယောက်သေဆုံ၍ ၄ ယောက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောဆိုခဲ့ပြီး ယင်းကိစ္စအပေါ် စိုးရိမ် မကင်း ဖြစ်နေကြသည်။

Most read this week