ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်းမှ တရုတ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသော ကချင် စစ်ပြေး ဒုက္ခသည် အချို့ကို တရုတ် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နယ်၊ နောင်းလုန်ကျေးရွာမှ ကချင်ခရစ်ယာန် နှစ်ခြင်းအသင်းတော် ကျောင်းဝင်းအတွင်း ခိုလှုံနေသည့် မူဆယ်မြို့နယ်၊ ဝမ်ဒိန်ဂပ်နာ ကျေးရွာအုပ်စု ဖိုင်ကောင်း ကျေးရွာမှ ရွာသား ၂၀၀ ကျော် အနက် ၁၂ ဦးအား ထိုကျေးရွာမှ တရုတ် ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“တနေ့က တချို့ အိပ်ယာတောင် မထသေးဘူး။ မထသေးတဲ့ လူတွေကို ကန်ပြီး ထခိုင်းပြီးတော့ နှစ်ယောက်တတွဲ လက်ထိပ်ခတ်ပြီး သူတို့ စခန်းထဲကို ခေါ်သွားတယ်။ ဟိုမှာ ၂ နာရီလောက် ထိုင်ထားခိုင်းပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းတယ်။ ကျနော်တို့ ပြောင်းဖို့ တခြားနေရာ မရှိတော့ဘူး။ ရွာကို ပြန်မယ်ဆိုလည်း အစိုးရ စစ်ကြောင်းက ရှိနေတယ်” ဟု ၎င်းရွာသားက ပြောသည်။
ထိုသို့ စစ်ဆေးမေးမြန်းစဉ် ရွာသားများအား တိုက်ပွဲများ မရှိတော့သဖြင့် ကိုယ့်ရွာကို ပြန်ရန် ပြောဆိုမှုများ ရှိသလို မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ၎င်းတို့အား နှင်ထုတ်ခြင်း ဖြစ်နိုင်သည်ဟု သူက မဇ္စျိမကို ပြောသည်။
၎င်းတို့အား ဒေသခံ ကချင်ရွာသူကြီးများက ပြန်လည် ခေါ်ယူခဲ့ရာမှ တရုတ်ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက် သည်ဟု သူက မဇ္စျိမကို ပြောသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရေးပေါ် အသုံးပြုရန် သိမ်းဆည်းထားသည့် ၎င်းတို့၏ ဆန်စပါးများအား အစိုးရတပ်မှ ၂၀၁၂ ခုနှစ် နို၀င်ဘာလကုန်ပိုင်းက မီးရှို့ ဖျက်ဆီးလိုက်သည့် အတွက် တရုတ်မြန်မာ နယ်စပ်သို့ ထွက်ပြေးခိုလှုံလာသူများ ဖြစ်သည်။
မီးရှို့ဖျက်ဆီးသည့်နေ့ကလည်း ကျေးရွာ ဆယ်အိမ်မှူး အပါအဝင် အမျိုးသား ၂၀ ကျော်အား အစိုးရစစ်တပ်က ဖမ်းဆီး၍ ဘုရားကျောင်းအတွင်း ချုပ်နှောင်ထားခဲ့ရာ နောက်ပိုင်းတွင် မိမိနေရပ်သို့ ပြန်ရန် စိုးရိမ်မှုများ ရှိနေကြောင်း ဖိုင်ကောင်း ရွာသားက ပြောသည်။
ဖိုင်ကောင်းကျေးရွာ၌ အိမ်ခြေ ၆၀ ခန့်ရှိသည့်အနက် တချို့မှာ ကျေးရွာအတွင်း ကျန်ရစ်ကာ လူဦးရေ ၂၀၀ ကျော်က တရုတ်နိုင်ငံ၊ နောင်းလုန် ကျေးရွာသို့ သွားရောက် ခုုိလှုံခဲ့ရာ ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေး ခံနေရခြင်း ဖြစ်သည်။