ထောင်ဒဏ်နှစ်ရှည်မှ ပြန်လည်လွှတ်မြောက်လာသော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ကျန်းမာရေး ဆေးစစ်ချက် ရယူရန် ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသို့ ခရီးစဉ် စတင်ခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ပြည်ပသို့ ယခု ပထမဆုံး ထွက်ခွာခြင်း ဖြစ်သလို “ကျနော်တို့ SNLD ရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ထောင်ထဲမှာ အနေအထိုင် အစားအသောက် ဒုက္ခဒဏ်တွေ ကြောင့် ဒူလာရောဂါလိုဟာမျိုး စွဲကပ်လာတယ်။ အဲဒီရောဂါကို အပြင်ရောက်တော့ နည်းပေါင်းစုံနဲ့ ကုသတော့လဲ မသက် သာဘူး။ ဒါကြောင့်မို့လို့ အခု အဲဒီရောဂါအပြင် တခြားသော ရောဂါတွေအတွက်လဲ ဆေးစစ်ရင်း ကုသမှု ခံယူစရာရှိ ရင်လဲ ခံယူရင်း လုပ်ရအောင်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ မွန်းလွဲပိုင်းမှာ ထွက်သွားပါပြီ” ဟု ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ် ဒု-အတွင်းရေးမှူးလည်းဖြစ်သည့် စိုင်းလိတ်က ပြောသည်။
၂၀၁၂ နှစ်ဆန်းက နှစ်ရှည်ထောင်ဒဏ်မှ လွတ်မြောက်လာသော စိုင်းနွတ် ခေါ် စိုင်းညွန့်လွင်သည် ဂျန္နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွါခဲ့ကြောင်း၊ ရောဂါစစ်ဆေးမှုခံယူပြီးနောက်ပိုင်းတွင်လည်း အခြေအနေပေးပါက အလျဉ်းသင့်သကဲ့သို့ ထိုင်းနိုင်ငံရောက် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။
“စစ်မှန်တဲ့ ပြည်ထောင်စုကြီးတည်ဆောက်ဖို့ ဘယ်အတိုက်အခံအဖွဲ့အစည်းနဲ့မဆို အစိုးရကိုယ်တိုင်က တောင်မှ လက်ခံတွေ့ ဆုံနေတဲ့အချိန်မှာ ကျနော်တို့အနေနဲ့လဲဘဲ တရားဝင်တွေ့ဆုံခွင့်ရှိတယ်လို့ ယူဆတယ်လေ။ ဒါကြောင့်မို့လို့ လိုအပ်ရင် လိုအပ်သလို ဘယ်အဖွဲ့အစည်းနဲ့မဆို ဘယ်ပုဂ္ဂိုလ်နဲ့မဆို အချိန်ပေးရင်ပေးသလို တွေ့ဆုံသွားဖို့ရှိပါတယ်” ဟု စိုင်းလိတ်က ဆိုသည်။
ယမန်နှစ် ဂျူလိုင်နှင့် ဩဂတ်စ်လက SNLD ပါတီဥက္ကဌ ခွန်ထွန်းဦးကလည်း ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျန်းမာရေးဆေး စစ်ချက်ရယူခဲ့သေးသည်။ သို့သော် ထိုစဉ်က ဥက္ကဌကြီးသည် မည်သည့်နိုင်ငံရေးပါတီ မည်သည့်တိုင်းရင်းသားခေါင်းဆောင် နှင့်မျှ တွေ့ဆုံခြင်းမရှိဘဲ ဆေးကုသမှုခံယူရန် သက်သက် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးအပါအဝင် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် သျှမ်းခေါင်းဆောင် ၈ ဦးအား အမျိုးသားညီလာခံကို ဆန့်ကျင်သည့်အတွက်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် အာဏာရစစ်အုပ်စုက ၂၀၀၅ နှစ်ဦးပိုင်း၌ ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ဒဏ် ရ၉ - ၁၀၆ နှစ်အထိ အသီးသီး ပြစ်ဒဏ်ပေးခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်း သာခွင့်ဖြင့် ၂၀၁၂ နှစ်ဆန်းပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြပြီး ပါတီပြန်လည်တည်ထောင်ခဲ့ကြသည်။