အစိုးရတပ်က စစ်သားစုဆောင်းပြီး ပေါ်တာဖမ်းဆီးသည့် သတင်းကြောင့် မြစ်ကြီးနားမြို့တွင် ညမထွက်ရဲ

အစိုးရတပ်က စစ်သားစုဆောင်းပြီး ပေါ်တာဖမ်းဆီးသည့် သတင်းကြောင့် မြစ်ကြီးနားမြို့တွင် ညမထွက်ရဲ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် မြန်မာအစိုးရစစ်တပ်မှ စစ်သားစုဆောင်းရေးနှင့် ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင် နေသည့် သတင်းများကြောင့် ဒေသခံပြည်သူများ ညမထွက်ရဲပဲ စိုးရိမ်ကြောက်လန့်နေကြ သည်။

ဇန်နဝါရီလဆန်းမှစ၍  မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များဖြစ်သော ဇီးလွန်၊ ရန်ကြီးအောင်၊ တပ်ကုန်း၊ စီတာပူ ရပ်ကွက်များတွင် အစိုးရစစ်တပ်က ဖမ်းဆီးနေကြောင်း သတင်းများ ပျံ့နှံ့နေခြင်းဖြစ်သည် ဟု မြစ်ကြီးနား ဒေသခံများပြောသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား လုံခြုံရေးတင်းကြပ်။

ဒေသခံများသည် အဆိုပါ ဖမ်းဆီးမှုသတင်းများကို ကြားရသော်လည်း ဖမ်းဆီးခံရသူများ မည်သူမည်ဝါဖြစ် ကြောင်း အတိအကျမသိရသောကြောင့် စုံစမ်းနေဆဲဖြစ်ပြီး အထူးသဖြင့် လူငယ်များသည် အပြင်သို့မထွက် ရဲပဲဖြစ်နေကြောင်း မြစ်ကြီးနားရှိလူငယ်များပြောဆိုသည်။

ညမထွက်ရအမိန့်ကို မြစ်ကြီးနားမြို့မြောက်ဖက် တန်ဖရဲဒေသများမှ ရပ်ကွက်လူကြီးများက ၈ နာရီနောက်ပိုင်း မထွက်ရန် အမိန့်ထုတ်ထားသော်လည်း ရပ်ကွက်အသီးသီးတွင် တိကျစွာ အချိန်သတ်မှတ်၍ ထုတ်ထားခြင်း မရှိကြောင်း ကချင်လူမှုဖွ့ံဖြိုးရေး ကွန်ယက်အဖွဲ့(KDNG)မှ ဆာ့ဂျီ ကပြောသည်။

“တချို့ပြောတာက ည ၈ နာရီဆို မထွက်ရဘူးလို့ပြောနေကြတယ်။ ဒါပေမဲ့ အတိအကျတော့ မသိဘူး။ စာနဲ့လည်း တရားဝင်ကြေညာတာ မရှိဘူး။ ကြားပဲကြားနေရတယ်။ လူတွေဖမ်းခေါ်သွားတယ်ဆိုတာလည်း ကြားပဲကြားနေရတယ်။ ဘယ်သူဘယ်ဝါဆိုတာ အတိအကျမသိဘူး” ဟု ပြောသည်။

လုံခြုံရေးတင်းကြပ်ထားသော မြစ်ကြီးနားတွင် ညချိန်ထွက်သော ဒေသခံများကိုလည်း အာဏာပိုင်များမှ မေးမြန်းစစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် ဒေသခံများသည် မိသားစုတွင် အရေးပေါ်ဖျားနာမှုရှိ သော်လည်း ညချိန်ဆေးခန်းမသွားရဲပဲနေရကြောင်း သိရသည်။

လုံခြုံရေးကြောင့် ယခင်က ည ၁၂ နာရီခန့်ထိ ဖွင့်သော အင်တာနက်ဆိုင်များသည်လည်း ယခုချိန်တွင် စောစော ပိတ်ထားရကြောင်း  မြစ်ကြီးနားမြို့ အင်တာနက်ဆိုင်မှ ကိုမိုး ကပြောသည်။

“မြစ်ကြီးနားမှာ အခြေအနေမကောင်းဘူးဗျာ။ ညဆို ဘယ်မှကို မသွားရဲကြဘူး။ ပေါ်တာဆွဲတယ်ပြောနေကြ တယ်။ အခြေအနေမကောင်းတော့ ည ၈ နာရီဆို ဆိုင်ပိတ်ပြီ” ဟု ပြောသည်။

လတ်တလောအချိန်သည် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ကြား ပြင်းထန်သော တိုက်ပွဲများ လည်း ဆက်တိုက်ဖြစ်ပွားနေချိန်ဖြစ်ပြီး စစ်သားစုဆောင်းမှုကို နှစ်ဖက်တပ်မှ ပြုလုပ်ချိန်လည်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယခုလအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်မှ ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ အရပ်သား (၁၀၀၀) တောင်းဆိုခဲ့သော်လည်း ၀န်ကြီးချုပ်က တာဝန်မယူနိုင်ကြောင်း ငြင်းဆို လိုက်သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် အဆိုပါ စစ်သားစုဆောင်းမှုနှင့် ပေါ်တာဖမ်းဆီးမှု သတင်းများ မြစ်ကြီးနားမြို့ပေါ်တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင်း ဖမ်းဆီးခံရသူ လူဦးရေစာရင်းအတိအကျမသိရသေးသော်လည်း ရပ်ရွာလုံခြုံရေးဟုဆိုကာ ရပ်ကွက်များတွင် ပြည်သူ့စစ်တပ်အဖြစ်  ဒေသခံ “၁ အိမ် ၁ ယောက်မလာမနေရ” စစ်သင်တန်းများပို့ချနေကြောင်း သိရသည်။

သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရရှိသေးပါ။

Most read this week