ကေအဲန်ယူ ခေါင်းဆောင် အပြောင်းအလဲများကြောင့် ပဲခူးတိုင်းအတွင်း မြေမြှုပ် မိုင်းများ ပြန်လည် တူးဖော် ရှင်းလင်းရေးအတွက် နှောင့်နှေး ခဲ့ရကြောင်း NPA မိုင်း ရှင်းလင်းရေး လုပ်ငန်းများ တာဝန်ခံ မန်နေဂျာ မစ္စတာ Aksel Steen-Nilsen မှ ပြောသည်။
“အခု တက်လာတဲ့ သူတို့ ခေါင်းဆောင်သစ်တွေနဲ့ကျွန်တော်တို့ အကြား ဆက်လက် ဆွေးနွေးသွားဖို့ ရှိအုံးမယ် ဆိုပေမယ့် အချိန်တော့ မသတ်မှတ်ကြရ သေးပါဘူး” ဟု မစ္စတာ Aksel Steen-Nilsen မှ မဇ္စျိမအား ပြောသည်။
ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ် နယ်မြေ ကျောက်ကြီး ဒေသတွင်းသို့ စစ်ပြေး ဒုက္ခ သည်များ ပြန်လည် နေရာ ချထားရေး အတွက် ကေအဲန်ယူ ဘက်မှ လျာထား ခဲ့သည်။
သို့သော်လည်း ထိုုဒေသတွင်းမှ မြုပ်နှံထားဆဲ ဖြစ်သည့် မြေမြှုပ်မိုင်း ပြဿနာများ ရှိနေ သဖြင့် မြေမြှုပ်မိုင်း များ ပြန်လည် တူးဖော် ရှင်းလင်းရေးအတွက် ကေအဲန်ယူနှင့် NPA တို့ ဆွေးနွေး သဘောတူ ထားခဲ့ ကြခြင်း ဖြစ်သည်။ ကာကွယ်သည့် အနေဖြင့်မြှုပ်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုလို ပြန်လည်နေရာချထားတော့ မည့်ကာလတွင် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၏ လုံခြံုရေးအတွက် အာမခံရန်လိုကြောင်း ကေအဲန်ယူမှ အထွေထွေ အတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်းက မဇ္စျိမအား ပြောသည်။
၎င်းကပင် မြေမြှုပ်မိုင်းများ ရှိနိုင်သည့် ဧရိယာ၊ မိုင်းအရေအတွက်တို့ကို နည်းပညာ အကူအညီမပါဘဲ အချက်အလက် ကောက်ယူခြင်း၊ နည်းပညာအကူအညီပါ၀င်၍ အချက်အလက်ကောက်ယူခြင်းများ ပြုလုပ်ပြီးနောက် မြေမြုပ်မိုင်း တည်ရှိရာ မြေပုံပြုစုသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်မှ မိုင်းအရေအတွက်နှင့် အန္တရာယ်ကို သိရှိနိုင်မည်ဖြစ်သည်
ဟု ဆက်လက်ရှင်းပြသည်။
မြေမြှုပ်မိုင်း မြှုပ်ထားရာနယ်မြေများတွင် မြုှပ်နှံထားကြောင်းကို ဒေသခံများအား အသိပေးထားသဖြင့် ဒေသခံများ အနေဖြင့် နေထိုင် သွားလာရန်နှင့် စိုက်ပျိုးလုပ်ကိုင်ရန် မဝံ့ရဲပဲ စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည်ဟု ဗဒိုကွယ်ထူးဝင်းက ဆက်ရှင်းပြသည်။
၎င်းကပင် “ရှိတော့ ရှိတာ ပေါ့ဗျာ၊ တစ်လုံး ရှိရင် လည်း အဲဒီ ဂွင်ကို ဘယ်သူမှ မသွားရဲဘူး၊ နှစ်လုံး ရှိရင်လည်း မသွားရဲဘူး၊ ပြည်သူတွေက စိုးရိမ် ကြောက်ရွံ့ မှုတွေ ရှိနေ ကြတာပေါ့။ အဲဒီဂွင် အကျယ်ကြီးပေါ်မှာ ဘယ်လောက် ရှိတယ် ဆိုတာတော့ ကျွန်တော် တို့လည်း အတိအကျ မပြော တတ်ဘူး” ဟု ဆက်လက်ပြောဆိုသည်။
မြေမြှပ်မိုင်းများ တူးဖော်ရှင်းလင်းရေး လုပ်ငန်းစဉ်သည် အန္တရာယ်ကြီးမားသည့် လုပ်ငန်းဖြစ်သည့် အားလျော်စွာ လုပ်ဆောင်မည့် လုပ်ငန်းများအတွက် တိကျသည့် အထောက်အထား ရရှိနိုင်ရေးသည် အရေးကြီးကြောင်း မစ္စတာ Aksel Steen-Nilsen မှ ပြောသည်။
လုပ်ငန်းစဉ်အရ ဒေသခံ နှင့် မိုင်းဒဏ် ကိုယ်တိုင်ခံစားရသူများဆီမှ အချက်အလက်ကောက်ခြင်းနှင့် မိုင်းရှာဖွေ စက်ပစ္စည်းဖြင့် အချက်အလက်ကောက်ခြင်းများ ပြုလုပ်ကာ မိုင်းရှိ ဧရိယာများကို မြေပုံဖော်ပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် သတ်မှတ်ချက်တွေအတိုင်း အဆင့်ဆင့် လုပ်ဆောင်ရကြောင်း ၎င်းက ရှင်းပြသည်။
ထို့အပြင် နှစ်ဖက်တပ်များမှ မြေမြှုပ်မိုင်းများ အသုံးပြုထားခြင်းကို ပြည်သူများအား အသိပေး ထားရှိ သော်လည်း ပဋိပက္ခ ပြီးဆုံး၍ မိမိတို့ ဆန္ဒအလျှောက် ပြန်လည် အခြေချကြရာမှ မြေမြှုပ်မိုင်းထိ သည့် အချက်ကိုလဲ အထူးသတိပြုသင့်ကြောင်း ကမ္ဘောဒီးယား နိုင်ငံတွင် မြေမြှုပ်မိုင်းရှင်း လုပ်ငန်း လုပ်ဆောင် ခဲ့ဖူးသည့်အတွေ့ အကြံုနှင့် နှိုင်းယှဉ်ကာ မစ္စတာ Aksel မှ မဇ္စျိမအား ပြောပြသည်။
နော်ဝေနိုင်ငံသား မစ္စတာ Aksel Steen-Nilsenသည် နော်ဝေစစ်တပ်တွင် ဗိုလ်မှူးရာထူးအထိ တာဝန်ထမ်းဆောင် ခဲ့ကာ စစ်တပ်မှ အနားယူပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ လူသားချင်းစာနာမှု မိုင်းရှင်းလင်း တိုက်ဖျက်ရေး အစီအစဉ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် Norwegian People’s Aid (NPA) တွင် မိုင်းရှင်း လင်းရေး လုပ်ငန်းများ တာဝန်ခံ မန်နေဂျာ အဖြစ် တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။
ကေအဲန်ယူနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့နှင့် တွေ့ဆုံ ခဲ့ကြစဉ် ၌လည်း နောက်ထပ်မြန်မာအစိုးရ တပ်များနှင့် ကေအဲန်ယူ တို့အကြား မြေမြှုပ် မိုင်းများ ထပ်မံ အသုံးမပြု ကြရန်နှင့် ရှိပြီးသား မြေမြှုပ် မိုင်းများ ပြန်လည် တူးဖော် ဖယ်ရှားရေး တို့ကို မူအားဖြင့် သဘောတူ ခဲ့ကြပြီး ဖြစ်သည် ဟူ၍လည်း ဗဒိုကွယ်ထူးမှ ပြောသည်။
၂၀၁၂ ခုနှစ် နိုင်ငံတကာမြေမြှုပ်မိုင်း အစီရင်ခံစာကို ပြီးခဲ့သည့် နိုဝင်ဘာလက ထုတ်ပြန်ရာတွင် ကမ္ဘာပေါ်တွင်
မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း အန္တရာယ်အများဆုံး နိုင်ငံစာရင်း၌ တတိယအဆင့်တွင် ရှိနေသေးကြောင်း ဖေါ်ပြပါရှိ သည်။ မြေမြှုပ်မိုင်း အသုံးမပြုရေးနှင့် ပတ်သက်၍လည်း နိုင်ငံတကာ စာချုပ်တွင် လက်မှတ်မထိုးရသေးပေ။